top of page
Logo-Icon.png

ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းများ ပိတ်သိမ်းပေါင်းစည်းရန် စီစဉ်နေပြီး ရန်ပုံငွေပြတ်လပ်မှုကြောင့် ဒုက္ခသည်များ စိုးရိမ်ပူပန်နေ

ထိုင်း၊ ဇွန် ၁၆ ၊ Horizons



ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် ဖွင့်လှစ်ထားသည့် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော မြန်မာဒုက္ခသည်စခန်း (၉) ခုကို ပေါင်းစည်းရန် သို့မဟုတ် ပိတ်သိမ်းရန် ထိုင်းအစိုးရက စီစဉ်နေကြောင်း ဒုက္ခသည်အရေး ကူညီပေးနေသည့် အဖွဲ့အစည်းများထံမှ သိရသည်။


ယင်းအစီအစဉ်မှာ အဆိုပြုချက်အဆင့်သာ ရှိသေးသဖြင့် ချက်ချင်းအကောင်အထည်ပေါ်လာမည်မဟုတ်ဘဲ အသေးစိတ် ဆက်လက်ဆွေးနွေးရဦးမည်ဖြစ်သည်။ 


ယခုကဲ့သို့ စီမံခန့်ခွဲရန် ပြင်ဆင်လာရခြင်းမှာ နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေများ သိသိသာသာ လျော့နည်းလာခြင်းကြောင့်ဖြစ်ပြီး၊ ယမန်နှစ်က ဒုက္ခသည် တစ်သိန်းကျော်၏ ရိက္ခာနှင့် လောင်စာအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ (၁.၃) သန်းခန့်ကို TBC အဖွဲ့က သုံးစွဲခဲ့ရကြောင်း သိရသည်။


လက်ရှိတွင် ရန်ပုံငွေ ဖြတ်တောက်ခံရမှုများကြောင့် ဒုက္ခသည်စုစုပေါင်း၏ (၁၆) ရာခိုင်နှုန်းခန့်ရှိသော အထူးလိုအပ်သူ (Most Vulnerable) အုပ်စုကိုသာ ဦးစားပေး ထောက်ပံ့နိုင်တော့ပြီး၊ ကျန်ရှိသည့် (၈၀) ရာခိုင်နှုန်းကျော်မှာ ရိက္ခာမရရှိတော့ဘဲ ကိုယ်ထူကိုယ်ထ ရပ်တည်နေကြရသည်။


ထို့ကြောင့် ထိုင်းအစိုးရသည် ဒုက္ခသည်များ မိမိကိုယ်တိုင် ရပ်တည်နိုင်ရန် တရားဝင် အလုပ်လုပ်ကိုင်ခွင့်ပြုခြင်း၊ စခန်းများ အချင်းချင်း ပေါင်းစည်းခြင်းနှင့် လုံးဝပိတ်သိမ်းခြင်း ဟူသည့် အစီအစဉ် (၃) ရပ်ကို ဖော်ဆောင်ရန် ပြင်ဆင်လာသည်။


ကနဦးအနေဖြင့် ၁၉၉၇ ခုနှစ်က တည်ထောင်ခဲ့သည့် တာ့ခ်ခရိုင်ရှိ နို့ဖိုးဒုက္ခသည်စခန်းကို ပိတ်သိမ်းကာ အုန်းဖျန်နှင့် မယ်လစခန်းများသို့ ပြောင်းရွှေ့ပေါင်းစည်းရန် စီစဉ်နေပြီး ယင်းလုပ်ငန်းစဉ်အတွက် (၅) နှစ်ဝန်းကျင်ခန့် အချိန်ယူရမည်ဖြစ်သည်။


တစ်ဖက်တွင်လည်း ထိုင်းအစိုးရသည် ၂၀၁၉ ခုနှစ် စာရင်းဝင် ဒုက္ခသည် ၇၀,၀၀၀ ကျော်ကို ဆယ်နှစ်သက်တမ်းရှိ ဂဏန်း (၁၃) လုံးပါ သက်သေခံကတ်ပြားများ ထုတ်ပေးလျက်ရှိရာ ယင်းကတ်ဖြင့် ဘဏ်အကောင့်ဖွင့်ခြင်း၊ ဆင်းမ်ကတ်ဝယ်ယူခြင်း၊ လွတ်လပ်စွာ သွားလာခွင့်နှင့် အလုပ်ရှာဖွေခွင့်များ ပထမဆုံးအကြိမ်အဖြစ် ရရှိမည်ဖြစ်သည်။


လက်ရှိတွင် မြန်မာဒုက္ခသည် ၅,၀၀၀ ကျော် တရားဝင် အလုပ်လုပ်ကိုင်နေပြီဖြစ်သည်။ သို့သော် ယခုကဲ့သို့ စခန်းပိတ်သိမ်းပေါင်းစည်းမည့် သတင်းများကြောင့် ဒုက္ခသည်များအကြား နေရာထိုင်ခင်းအသစ်နှင့် အလုပ်အကိုင်အတွက် စိုးရိမ်မှုများ မြင့်တက်နေကြသည်။


အရေးကြီးသော ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ၎င်းတို့ကို ချန်လှပ်ထားမည်ကို စိုးရိမ်နေကြပြီး ဆန္ဒသဘောထားများ မေးမြန်းပေးရန် မျှော်လင့်နေကြသလို၊ အလုပ်မလုပ်နိုင်သူများအတွက်လည်း လူသားချင်းစာနာမှု အကူအညီများ ဆက်လက်ပံ့ပိုးပေးရန် အထူးလိုအပ်နေသေးကြောင်း ကူညီရေးအဖွဲ့များက ထောက်ပြထားသည်။

Comments


bottom of page