ထားဝယ်ရေနက်ဆိပ်ကမ်းအနီး စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ကျေးရွာ (၇) ရွာမှ ဒေသခံ ၄,၀၀၀ ကျော် စစ်ဘေးရှောင်နေရ
- Horizons News

- 4 days ago
- 1 min read
ရေဖြူ ၊ ဇူလိုင် ၁၄ ၊ Horizons

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလည်ဒေသရှိ ထားဝယ်ရေနက်ဆိပ်ကမ်းဝင်းအတွင်းသို့ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေသောကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူ ၄,၀၀၀ ကျော်အထိ ရှိလာကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့မှစတင်ကာ အင်အား (၇၀၀) ကျော်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်ပြီး ကျေးရွာများအတွင်း လှည့်လည်၍ နေအိမ်များကို မွှေနှောက်ရှာဖွေခြင်း၊ လမ်းသွားလမ်းလာများကို စစ်ဆေးခြင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်နေခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကြောင်းဝင်ရောက်မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့က ဧကနိကျေးရွာ မီးရှို့ခံရသဖြင့် နေအိမ် (၂၀) ခန့် မီးလောင်ပျက်စီးခဲ့ပြီး ဇူလိုင်လ ၁၂ ရက်နေ့တွင်လည်း ဝဇွမ်းတောကျေးရွာ ထပ်မံမီးရှို့ခံရရာ နေအိမ် (၂) လုံး မီးလောင်ပျက်စီးခဲ့သည်။
ယမန်နေ့ (ဇူလိုင်လ ၁၃ ရက်) အထိ အဆိုပါစစ်ကြောင်းသည် ကုန်းသာယာအင်းကျေးရွာ ဝန်းကျင်တွင် ဆက်လက်စစ်ရေးလှုပ်ရှားနေသဖြင့် အနီးနားရှိ ကျေးရွာများမှ ပြည်သူများပါ ဘေးလွတ်ရာသို့ ထပ်မံတိမ်းရှောင်နေကြရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းလှုပ်ရှားမှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဝက်ချောင်းရွာ၊ ခမောင်းချောင်းရွာ၊ ဧကနိရွာ၊ ဝဇွမ်းတောရွာ၊ ရငဲရွာ၊ ကုန်းသာယာအင်းရွာနှင့် ကညင်အင်းရွာ စသည့် ကျေးရွာ (၇) ရွာမှ ဒေသခံပြည်သူ ၄,၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။
ထို့အပြင် စစ်ကောင်စီတပ်သည် စစ်ကြောင်းစတင်ထိုးလာသည့် နေ့မှစ၍ ဒေသခံပြည်သူ (၃၀) ကျော်ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့ (ဇူလိုင်လ ၁၄ ရက်) အထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးကြောင်း သိရသည်။



Comments