top of page
Logo-Icon.png

ထန်တလန်ကို အလုံးစုံထိန်းချုပ်နိုင်ပြီဆိုသည့် စစ်ကောင်စီ၏ ထုတ်ပြန်ချက်မှာ ဝါဒဖြန့်မှုသာဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဟု CDF ပြော

ထန်တလန် ၊ ဇူလိုင် ၁၇ ၊ Horizons



ချင်းပြည်နယ်၊ ထန်တလန်မြို့ကို အလုံးစုံထိန်းချုပ်နိုင်ပြီဟု စစ်ကောင်စီက ထုတ်ပြန်ထားသော်လည်း ယင်းထုတ်ပြန်ချက်မှာ ဝါဒဖြန့်ချိရေးသဘောသာဖြစ်ပြီး မြို့တွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့-ထန်တလန် (CDF–Thantlang) ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


စစ်ကောင်စီလက်အောက်ခံ မီဒီယာများက ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ထန်တလန်မြို့အား အလုံးစုံပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဇွန်လ ၁၂ ရက်မှစတင်သည့် ထိုးစစ်အတွင်း မြို့နယ်ရဲစခန်း၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ မီးသတ်ရုံးနှင့် ဟိုတယ်ဇုန်တို့ကို အဆင့်ဆင့် သိမ်းပိုက်နိုင်ခဲ့သည်ဟု ဖော်ပြထားသည်။


သို့သော် CDF–Thantlang ပြောရေးဆိုခွင့်ရှိသူက "တစ်မြို့လုံး သိမ်းပိုက်နိုင်ပြီဆိုတာ မဟုတ်ပါဘူး။ စိတ်ဓာတ်စစ်ဆင်ရေးသဘောမျိုးနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အခြေစိုက်ထားတဲ့နေရာတွေကို ဆက်လက်ကာကွယ်ပြီး ခုခံတိုက်ခိုက်နေဆဲဖြစ်ပါတယ်" ဟု တုံ့ပြန်ပြောဆိုသည်။


၎င်း၏ ပြောကြားချက်အရ စစ်ကောင်စီသည် လူအင်အား၊ လက်နက်ကြီးနှင့် ဒရုန်းများအပြင် ဓာတုလက်နက်ဟု ယူဆနိုင်သည့် ဗုံးများကိုပါ အသုံးပြုတိုက်ခိုက်လာသဖြင့် အခြေစိုက်နေရာအချို့ကို ယာယီစွန့်လွှတ်ခဲ့ရသော်လည်း တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ 


လက်ရှိတွင် ထန်တလန်မြို့ရှိ ရပ်ကွက် (၂) နှင့် (၃) ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ပြီး ရပ်ကွက် (၁) တွင် ချင်းအမျိုးသားတပ်မတော် (CNA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ဆက်လက်အခြေစိုက်ကာ ခုခံတိုက်ခိုက်နေကြောင်း CDF–Thantlang က ဆိုသည်။


တိုက်ပွဲများအတွင်း နှစ်ဖက်စလုံးတွင် ထိခိုက်ကျဆုံးမှုများရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးသူ (၃၀) ခန့်နှင့် ဒဏ်ရာရသူ (၅၀) ခန့်ရှိကြောင်း အတွင်းသတင်းရင်းမြစ်များထံမှ သိရှိရသည်ဟု CDF–Thantlang ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


သို့သော် ယင်းအချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ထို့အပြင် လက်လွှတ်ခဲ့ရသည့် နေရာများအပါအဝင် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ချင်းပြည်အစိုးရလက်အောက်ခံ တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။


ထန်တလန်မြို့ရှိ အဆောက်အအုံအများစုမှာ ယခင်က စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့ပြီး ကျန်ရှိနေသည့် အဆောက်အအုံများကိုလည်း ဆက်လက်မီးရှို့မှုများရှိနေသဖြင့် ဒေသခံများကို နေရပ်ပြန်လည်နေထိုင်ရန် ဖိတ်ခေါ်ခြင်းမှာ လက်တွေ့မကျဘဲ ဝါဒဖြန့်ချိရေးသာဖြစ်ကြောင်း CDF–Thantlang က ပြောဆိုထားသည်။


Comments


bottom of page