ဒေါ်လာ ၁.၄ ထရီလီယံအထိ လျော်ကြေးပေးရနိုင်သည့် တရားစွဲဆိုမှုများကို Meta ကုမ္ပဏီ ရင်ဆိုင်နေရ
- Horizons News

- Jul 11
- 1 min read
အမေရိကန် ၊ ဇူလိုင် ၁၁ ၊ Horizons

Facebook နှင့် Instagram တို့ကို သုံးစွဲသူများ စွဲလမ်းစေရန် ရည်ရွယ်ဒီဇိုင်းထုတ်ထားသည်ဟုဆိုကာ အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ် (၄) ခုက Meta ကုမ္ပဏီကို ဒေါ်လာ ၁.၄ ထရီလီယံအထိ လျော်ကြေးတောင်းခံသည့် တရားစွဲဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။
ယင်းတရားစွဲဆိုမှုကို ကော်လိုရာဒို၊ ကင်တပ်ကီ၊ နယူးဂျာစီနှင့် ကယ်လီဖိုးနီးယား ပြည်နယ်တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တောင်းခံထားသည့် လျော်ကြေးပမာဏမှာ Meta ၏ လက်ရှိ ဈေးကွက်တန်ဖိုးဖြစ်သော ဒေါ်လာ ၁.၅ ထရီလီယံနီးပါးနှင့် ညီမျှနေသည်။
အဆိုပါ လျော်ကြေးပမာဏကို ပြည်နယ်တစ်ခုချင်းစီ၏ ဒဏ်ကြေးဥပဒေအရ ထိခိုက်နစ်နာသူ လူငယ်အရေအတွက်နှင့် မြှောက်ကာ တွက်ချက်ထားခြင်းဖြစ်ပြီး အကယ်၍ ယင်းဒဏ်ကြေးသာ အမှန်တကယ် ပေးဆောင်ရပါက Meta အနေဖြင့် လုပ်ငန်းပြိုလဲသွားနိုင်သည့် အနေအထားရှိနေသည်။
ဤမျှများပြားသော ဒဏ်ကြေးမျိုးမှာ စားသုံးသူကာကွယ်ရေး သမိုင်းတစ်လျှောက်တွင် မရှိခဲ့ဖူးကြောင်းနှင့် "လူမှုကွန်ရက်စွဲလမ်းမှု" ဆိုသည်မှာ တရားဝင် သတ်မှတ်ထားသည့် စိတ်ကျန်းမာရေးပြဿနာ (Psychiatric Condition) မဟုတ်ကြောင်း Meta ၏ ရှေ့နေများက ခုခံချေပထားသည်။
သို့သော် အမေရိကန် စိတ်ကျန်းမာရေးအသင်းကြီးကမူ လူမှုကွန်ရက်စွဲလမ်းခြင်းသည် လက်ရှိတွင် ရောဂါစာရင်း၌ မပါဝင်သေးသော်လည်း ယင်းပြဿနာ တကယ်မရှိဘူးဟု မဆိုလိုကြောင်း တုံ့ပြန်ထားသည်။
ထို့ပြင် အဆိုပါ ပြည်နယ် (၄) ခု၏ တရားစွဲချက်ထဲတွင် Meta ၏ App များ ဘေးကင်းမှုနှင့် ပတ်သက်၍ လူထုကို လှည့်ဖြားခဲ့သည်ဆိုသည့် စွဲချက်များလည်း ပါဝင်သည်။
Meta ရင်ဆိုင်နေရသည့် ပြဿနာများမှာ ဤမျှနှင့် ပြီးဆုံးမသွားဘဲ အခြားပြည်နယ် ၂၉ ခုတွင်လည်း မိဘခွင့်ပြုချက်မပါဘဲ ကလေးငယ်များ၏ အချက်အလက်များကို ရယူကာ ကလေးသူငယ် အွန်လိုင်းကိုယ်ရေးလုံခြုံမှု ကာကွယ်ရေးအက်ဥပဒေ (COPPA) ကို ချိုးဖောက်သည်ဆိုသည့် စွပ်စွဲချက်များဖြင့် တရားစွဲခံထားရသေးသည်။
အဆိုပါ အမှုများကို ကိုင်တွယ်နေသည့် တရားသူကြီးက လာမည့် ဩဂုတ်လအတွင်း ရုံးတင်စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်ရှိနေသည့် ပြည်နယ် ၁၄ ခု၏ ဒေသန္တရ ဥပဒေစွဲချက်များကိုမူ လာမည့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလတွင် သီးခြားခွဲ၍ စစ်ဆေးသွားမည်ဖြစ်သည်။
မကြာသေးမီကလည်း နယူးမက္ကဆီကိုပြည်နယ်၌ စားသုံးသူများကို လှည့်ဖြားခဲ့မှုဖြင့် Meta အား ဒေါ်လာ ၃၇၅ သန်း လျော်ကြေးပေးရန် တရားရုံးက အမိန့်ချခဲ့သလို၊ ကင်တပ်ကီပြည်နယ် ကျောင်းခရိုင်၏ တရားစွဲဆိုမှုတွင်လည်း Meta နှင့် အခြားလူမှုကွန်ရက်များကို ဒေါ်လာ ၂၇ သန်း ဒဏ်ရိုက်ခဲ့သေးရာ Meta အနေဖြင့် တရားရုံးအမှုအခင်းပေါင်းများစွာကို ဆက်လက်ရင်ဆိုင်ရဖွယ်ရှိနေသည်။



Comments