top of page
Logo-Icon.png

ဒေသခံများ ကန့်ကွက်နေသည့်ကြားမှ ခေါင်လန်ဖူးတွင် တရုတ်လုပ်ငန်းရှင်များနှင့် ပြည်သူ့စစ် ပူးပေါင်း၍ သတ္တုတူးဖော်ရန် ပြင်ဆင်နေ

ခေါင်လန်ဖူး ၊ ဇူလိုင် ၁၄ ၊ Horizons



လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည့် ကချင်ပြည်နယ် မြောက်ဖျား တရုတ်-မြန်မာ နယ်စပ်အနီးရှိ ခေါင်လန်ဖူးမြို့နယ်တွင် တရုတ်လုပ်ငန်းရှင်များနှင့် ဌာနေပြည်သူ့စစ်အဖွဲ့တို့ ပူးပေါင်းကာ သတ္တုတူးဖော်ရန် အကြီးအကျယ် ပြင်ဆင်လျက်ရှိပြီး ဒေသခံများကို ငွေကြေးဖြင့် လိုက်လံစည်းရုံးနေကြောင်း သိရသည်။



လက်ရှိတွင် ခေါင်လန်ဖူးမြို့နယ်၊ ဇီးထန်ကျေးရွာအုပ်စုအတွင်းရှိ နန်ဆိန်ကျေးရွာနှင့် ရှိန်းခေါင်ကျေးရွာ အနီးတစ်ဝိုက်တွင် အဓိက ပြင်ဆင်နေကြပြီး လိုက်လံစည်းရုံးနေသည်မှာ နှစ်လမှ သုံးလခန့် ရှိနေပြီဖြစ်သည်။ 


သတ္တုတူးဖော်မည့် စီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာများတွင် လုပ်ငန်းရှင်များဘက်က တစ်အိမ်ထောင်လျှင် တစ်နှစ်စာအတွက် ငွေကျပ် (၁၀) သိန်းပေးမည်ဟု မက်လုံးပေးကာ (၇) နှစ် သက်တမ်းရှိ စာချုပ်များဖြင့် ချုပ်ဆိုရန် လိုက်လံစည်းရုံးနေခြင်းဖြစ်သည်။


ဒေသခံအများစုက ပြင်းပြင်းထန်ထန် ကန့်ကွက်နေကြသော်လည်း ငွေကြေးကျပ်တည်းမှုအပေါ် အခွင့်ကောင်းယူကာ စည်းရုံးခံလိုက်ရသည့် ရွာသားအချို့လည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။


ခေါင်လန်ဖူးဒေသသည် အေးချမ်းသည့်ဒေသဖြစ်ပြီး စပါးစိုက်ပျိုး၍မရသောကြောင့် ဒေသခံများသည် ရှောက်ကော်၊ ဖာလာစေ့ စိုက်ပျိုးခြင်းနှင့် တောင်ပေါ်ဆေးမြစ်များ ရှာဖွေရောင်းချခြင်းတို့ကိုသာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည်။


သတ္တုတူးဖော်ရေးလုပ်ငန်းများ စတင်လာပါက သဘာဝပတ်ဝန်းကျင်များ ပျက်စီးပြီး ၎င်းတို့၏ အဓိကစီးပွားရေးဖြစ်သော ရှောက်ကော်ခြံများပါ ပျက်စီးသွားမည်ကို အလွန်စိုးရိမ်နေကြသည်။ 


ဤဒေသသည် မိမိတို့ကို ဘုရားသခင်ပေးထားသည့် အမွေအနှစ်ဖြစ်ကြောင်း၊ သတ္တုတူးလိုက်လျှင် ဒေသခံများအတွက် ကောင်းကျိုးမရှိဘဲ ဆိုးကျိုးသာရမည်ဖြစ်ကာ ရလာမည့်ရန်ပုံငွေများမှာလည်း လက်နက်ကိုင်များလက်ထဲသို့သာ ရောက်သွားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ရင်ဖွင့်ပြောဆိုသည်။


ယင်းဒေသတွင် ကျေးရွာတစ်ရွာနှင့်တစ်ရွာ ကူးသန်းသွားလာရန် အလွန်ခက်ခဲသလို ဖုန်းနှင့် အင်တာနက်ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်နေသဖြင့် အခြားမည်သည့်ကျေးရွာများတွင် မည်မျှအထိ စည်းရုံးခံထားရသည်ကို အတိအကျသိရှိရန် ခက်ခဲနေဆဲဖြစ်သည်။ အဆိုပါ သတ္တုတူးဖော်ရန် စည်းရုံးနေသည့် ဇီးထန်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း (၂၀) ပါဝင်ပြီး အိမ်ခြေ (၃၀၀) ကျော်နှင့် လူဦးရေ (၁,၅၀၀) ခန့် နေထိုင်ကြောင်း သိရသည်။


ပူတာအိုမြို့နှင့် (၁၃၂) မိုင်ခန့်အကွာတွင်ရှိသည့် ခေါင်လန်ဖူးမြို့နယ်၌ သတ္တုတူးဖော်ရန် ကြိုးပမ်းမှုမှာ ယခုတစ်ကြိမ်တည်း မဟုတ်ပေ။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်ကလည်း ဩစတြေးလျနိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသည့် Fortuna Metals ကုမ္ပဏီသည် မြေဧက (၃) သိန်းကျော်တွင် သတ္တုစမ်းသပ်တူးဖော်ရန် ပြည်ထောင်စုအစိုးရထံ လျှောက်ထားခဲ့ဖူးသည်။


သို့သော် မီဒီယာများ၏ ဖော်ထုတ်မှုကြောင့် ဒေသခံများ ကြိုတင်သိရှိသွားကာ ဝိုင်းဝန်းကန့်ကွက်ခဲ့သဖြင့် စီမံကိန်း ရပ်နားခဲ့ရသည်။ ယခု ၂၀၂၆ ခုနှစ်တွင်မူ တရုတ်လုပ်ငန်းရှင်များသည် ဒေသတွင်းလက်နက်ကိုင် ပြည်သူ့စစ်တပ်ဖွဲ့များကို ကျောထောက်နောက်ခံပြုကာ ငွေကြေးကျပ်တည်းနေသည့် ဒေသခံများကို စည်းရုံးပြီး စီမံကိန်းကို အရအမိ ပြန်လည်အကောင်အထည်ဖော်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

Comments


bottom of page