top of page
Logo-Icon.png

ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ပြည်သူများ၏ နွေဦးတော်လှန်ရေးကို 'အတွေးအခေါ်မှားယွင်းမှု' နှင့် 'ပညာရေးအားနည်းမှု' ဟု အကြမ်းဖက်စစ်ခေါင်းဆောင် စော်ကားပြောဆို

မင်းဘူး ၊ ဇူလိုင် ၁၃ ၊ Horizons



မိမိကိုယ်ကို နိုင်ငံတော်သမ္မတအဖြစ် တရားမဝင် ခန့်အပ်ထားသည့် အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသည့် ပြည်သူများကို 'အတွေးအခေါ်မှားနေသူများ' ဟု သမုတ်ကာ ပြုပြင်ပေးရန်လိုအပ်ကြောင်း မင်းဘူးမြို့တွင် ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) က ပြောဆိုလိုက်သည်။


မင်းဘူးမြို့ သာသနာ့ဗိမာန်တော်၌ မြို့မိမြို့ဖများ၊ ၎င်း၏ လက်အောက်ခံ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် စစ်ခေါင်းဆောင်က ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်တပ်ကာ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။


 ၎င်းက စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့် ဘက်ပေါင်းစုံမှ ကြိုးပမ်းရန် လိုအပ်သကဲ့သို့ စစ်အာဏာရှင်စနစ်ကို လက်မခံဘဲ တော်လှန်နေကြသူများကိုလည်း 'အတွေးအခေါ်မှားနေသူများ' ဟု ခေါင်းစဉ်တပ်ကာ ပြုပြင်ပေးရန် လိုအပ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။


ထို့ပြင် အကြမ်းဖက်စစ်ခေါင်းဆောင်က ၎င်းတို့အနေဖြင့် နိုင်ငံကို ကောင်းအောင်တည်ဆောက်နေခြင်းဖြစ်ကြောင်း အရှက်ကင်းမဲ့စွာ ပြောဆိုခဲ့ပြီး ယင်းအပေါ် သဘောထားကွဲလွဲကာ ဆန့်ကျင်နေမှုများသည် "ပညာရေးအားနည်းချက်များ၏ အကျိုးဆက်" သာဖြစ်သည်ဟု တစ်နိုင်ငံလုံးရှိ တော်လှန်ပြည်သူများအပေါ် စော်ကားပြောဆိုခဲ့သေးသည်။


စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း အဘက်ဘက်မှ ယိုယွင်းပျက်စီးကာ ပြည်သူများ အတိဒုက္ခရောက်နေချိန်တွင် စစ်ခေါင်းဆောင်က ၎င်းတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေခြင်းဖြစ်သည်ဟု လိမ်လည်ပြောဆိုခဲ့သည်။


 ထို့အတူ နိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် ကိုက်ညီသည့် စည်းကမ်းစနစ်တကျရှိသည့် ဒီမိုကရေစီဖြစ်ရန်လိုကြောင်း ပြောဆိုခဲ့ရာ ယင်းမှာ စစ်တပ်က အစဉ်တစိုက် အသုံးချလေ့ရှိသည့် ၎င်းတို့သာ ကြီးစိုးခွင့်ရမည့် 'အတုအယောင် ဒီမိုကရေစီ' ကို ရည်ညွှန်းခြင်းဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ထောက်ပြကြသည်။


ယနေ့လူငယ်များအား အသိအမြင်၊ အတွေးအခေါ်ကောင်းများနှင့် ပြည့်စုံသည့် အနာဂတ်လူငယ်များ ဖြစ်လာစေရေး ဆောင်ရွက်ပေးရန် စစ်ခေါင်းဆောင်က တိုက်တွန်းခဲ့သော်လည်း လက်တွေ့တွင်မူ နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းများကို လေကြောင်းမှ ဗုံးကြဲဖျက်ဆီးနေသလို၊ လူငယ်များကို စစ်မှုထမ်းဥပဒေဖြင့် အတင်းအဓမ္မ ဖမ်းဆီးကာ စစ်တပ်၏ လူသားဒိုင်းအဖြစ် အသုံးချနေသည်မှာ အထင်အရှားပင်ဖြစ်သည်။

Comments


bottom of page