ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒေါသတကြီး တုံ့ပြန်လေ့ရှိဟု သံတမန်များ ပြောဆို
- Horizons News

- 3 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရာတွင် နိုင်ငံတကာခေါင်းဆောင်များနှင့် သံတမန်များက ဖမ်းဆီးခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ထုတ်ဖော်ပြောဆိုတိုင်း ၎င်းက ဒေါသတကြီး တုံ့ပြန်လေ့ရှိကြောင်း အဆိုပါ ဆွေးနွေးမှုများကို သိရှိထားသည့် နိုင်ငံတကာသံတမန်များကို ကိုးကား၍ The Economist သတင်းဌာနက ဖော်ပြလိုက်သည်။
အသက် (၈၁) နှစ်အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းက ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ တံခါးပိတ်တရားစီရင်မှု ပြီးဆုံးချိန်မှစ၍ လူမြင်ကွင်းတွင် တွေ့ရှိရခြင်းမရှိတော့ပေ။ ထို့ပြင် သူမ၏ ရှေ့နေများနှင့်ပင် တွေ့ဆုံခွင့်မပေးသဖြင့် လက်ရှိအခြေအနေနှင့် အသက်ရှင်ကျန်းမာမှု ရှိ/မရှိ အပေါ် နိုင်ငံတကာက စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။
မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ သည် နယူးဒေလီမြို့တွင် မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ထည့်သွင်းပြောဆိုခဲ့သလို၊ ပြီးခဲ့သည့် မေလအတွင်းကလည်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် ဂျူလီဘစ်ရှော့ က တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံမှု နှစ်ခုစလုံးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်နှင့် အခြေအနေကို ထုတ်ဖော်ပြောဆိုတိုင်း မင်းအောင်လှိုင်က ဒေါသတကြီး တုံ့ပြန်ခဲ့ကြောင်း သိရှိရသည်။
ယခုကဲ့သို့ ဒေါသတကြီး တုံ့ပြန်မှုများနှင့် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း ခိုင်လုံသည့် အထောက်အထား မပြသနိုင်မှုများကြောင့် သံတမန်အချို့က ပိုမိုစိုးရိမ်လာကြပြီး သူမ သေဆုံးသွားပြီလော (သို့မဟုတ်) ကျန်းမာရေး အလွန်ဆိုးရွားနေပြီလော ဟု မေးခွန်းထုတ်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကင်မ်အဲရစ် ကလည်း မကြာသေးမီ လပိုင်းများအတွင်း နိုင်ငံတကာသို့ သွားရောက်ကာ မိခင်ဖြစ်သူ အသက်ရှင်နေကြောင်း အထောက်အထား (Proof of Life) ကို စစ်ကောင်စီထံမှ တောင်းဆိုပေးရန် နိုင်ငံတကာခေါင်းဆောင်များထံ တိုက်တွန်းနေသည်။
စစ်ကောင်စီက ပြီးခဲ့သည့် ဧပြီလတွင် ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ထားကြောင်း ပြောဆိုကာ ရဲအရာရှိ၊ စစ်အရာရှိတို့နှင့် အမည်မသိ အဆောက်အအုံတစ်ခုအတွင်း တွေ့ဆုံနေသည့် ဓာတ်ပုံတစ်ပုံကို ထုတ်ပြန်ခဲ့သည်။
သို့သော် အဆိုပါ ဓာတ်ပုံမှာ မည်သည့်အချိန်က ရိုက်ကူးထားသည်ဆိုသည့် အထောက်အထားမရှိသဖြင့် သားဖြစ်သူ ကင်မ်အဲရစ်က ဓာတ်ပုံ၏ စစ်မှန်မှုကို သံသယရှိကြောင်းနှင့် နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်မှာလည်း ဖြိုဖျက်ခံထားရကြောင်း ပြောဆိုထားသည်။ အလားတူ နိုင်ငံတကာ သံတမန်များ၏ တွေ့ဆုံခွင့် တောင်းဆိုမှုများကိုလည်း စစ်ကောင်စီက ဆက်တိုက်ငြင်းပယ်ထားသည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများကလည်း ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေကို စစ်ကောင်စီထံ အကြိမ်ကြိမ် မေးမြန်းခဲ့ကြပြီး ဇူလိုင်လ ၁၂ ရက်နေ့က ဘန်ကောက်မြို့တွင် ပြုလုပ်သည့် တွေ့ဆုံပွဲ၌လည်း ယင်းကိစ္စကို ထပ်မံဆွေးနွေးခဲ့ကြသည်။
နိုင်ငံတကာ သံတမန်များကမူ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခြင်း (သို့မဟုတ်) လွတ်လပ်သည့် နိုင်ငံတကာကိုယ်စားလှယ်များအား တွေ့ဆုံခွင့်ပေး၍ သူမ၏ လက်ရှိအခြေအနေကို အတည်ပြုခွင့်ပေးခြင်းသည်သာ စစ်ကောင်စီနှင့် နိုင်ငံတကာအကြား တင်းမာနေမှုကို ပြေလည်စေရန် အထောက်အကူပြုနိုင်မည်ဟု သုံးသပ်ထားကြသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အချက်အလက်များအရ လက်ရှိ မြန်မာနိုင်ငံတွင် စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသား ၁၄,၅၁၇ ဦးရှိနေပြီး ယခုနှစ်အတွင်း အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသား ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။



Comments