top of page
Logo-Icon.png

ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့် မွေးနေ့ ပန်းသပိတ်လှုပ်ရှားမှုကို စစ်ကောင်စီ ပိတ်ပင်တားဆီး

ဇွန် ၁၆ ၊ Horizons



နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၈၁) နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ပြည်သူများ ပြုလုပ်လေ့ရှိသော "ပန်းသပိတ်" လှုပ်ရှားမှုကို အကြမ်းဖက်စစ်ကောင်စီက လိုက်လံပိတ်ပင် တားဆီးမှုများ ပြုလုပ်နေကြောင်း သိရသည်။


လာမည့် ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် မွေးနေ့အတွက် ပန်းသပိတ်လှုပ်ရှားမှုများကို ဟန့်တားရန် မန္တလေးမှ စစ်ကိုင်းဘက်သို့ ကူးသန်းသွားလာခွင့်များကို စစ်တပ်က ကန့်သတ်စစ်ဆေးလျက်ရှိသည်။


မန္တလေး-စစ်ကိုင်း လမ်းပိုင်းတွင် ဖြတ်သန်းသွားလာနေသည့် ခရီးသည်တင်ယာဉ်များနှင့် ပုဂ္ဂလိကကားများကို စစ်ကောင်စီတပ်က တင်းကျပ်စွာ စစ်ဆေးနေပြီး၊ ဘုရားပန်းများ ပါရှိလာပါက သိမ်းဆည်းခြင်း၊ ငွေကြေးတောင်းခံခြင်းနှင့် သွားလာခွင့်ပိတ်ပင်ခြင်းများ ပြုလုပ်နေသည်။ "မနေ့ကမှ ကုန်ကားဝင်တာ၊ ဘုရား‌ပန်းတွေရောင်းဖို့ မှာလိုက်တာ။ ‌ဂန္ဓမာတို့၊ ပန်းတိမ်ငို၊ နှင်းဆီ အစုံပဲ။ အဲ့ဒါကို နှင်းဆီပန်းပါလို့ဆိုပြီး ငါးသောင်းပေးခဲ့ရတယ်" ဟု ပန်းရောင်းချသူ ဒေသခံတစ်ဦးက ပြောပြသည်။


ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ပန်းသပိတ်လှုပ်ရှားမှုများတွင်လည်း စစ်ကောင်စီက ဖမ်းဆီးပိတ်ပင်မှုများ ပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်လည်း ပန်းရောင်းချမှုများကို စောင့်ကြည့်ကန့်သတ်ရန် ပြင်ဆင်နေသည်။ မြို့ပေါ်စျေးကွက်များတွင် လက်ရှိအချိန်အထိ ပုံမှန်အတိုင်း ရှိနေသေးသော်လည်း မွေးနေ့ရက် နီးကပ်လာပါက ဖမ်းဆီးမှုများ ရှိလာနိုင်ကြောင်း စျေးသည်များက ခန့်မှန်းထားကြသည်။


ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းချိန်ကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရသူဖြစ်သည်။ လက်ရှိတွင် ၎င်း၏ကျန်းမာရေးနှင့်ပတ်သက်၍ ကောလာဟလများ ထွက်ပေါ်နေသဖြင့် အသက်ရှင်လျက်ရှိကြောင်း သက်သေပြရန် ပြည်သူများက "Proof of Life" လှုပ်ရှားမှုများကို အစဉ်တစိုက် တောင်းဆိုလှုပ်ရှားလျက်ရှိသည်။ 


ပြီးခဲ့သည့်နှစ်ကလည်း အညာဒေသအပါအဝင် နိုင်ငံတစ်ဝန်း၌ မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်လှုပ်ရှားမှုများကို ပြည်သူများက အင်တိုက်အားတိုက် ဆင်နွှဲခဲ့ကြကြောင်း မှတ်တမ်းဓာတ်ပုံများအရ သိရှိရသည်။

Comments


bottom of page