top of page
Logo-Icon.png

အတုအယောင်ရွေးကောက်ပွဲနောက်ပိုင်း စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအကြောင်း ND-Burma အစီရင်ခံစာ ထုတ်ပြန်

ဇွန် ၁၆ ၊ Horizons



လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) က "အာဏာရှင်များ ကြီးစိုးရာအရပ်တွင် ဒီမိုကရေစီ မရှင်သန်နိုင်- အတုအယောင် ရွေးကောက်ပွဲနောက်ပိုင်း စစ်အုပ်စု၏ လူ့အခွင့်အရေး ချိုးဖောက်မှုများ" အမည်ရှိ အစီရင်ခံစာအကျဉ်း ကို ယနေ့တွင် ထုတ်ပြန်လိုက်သည်။


၂၀၂၁ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်မှုရရှိရန် နည်းလမ်းမျိုးစုံဖြင့် လှည့်ဖြားကြိုးပမ်းခဲ့သည်။ ယခုထုတ်ပြန်လိုက်သော အစီရင်ခံစာသည် မင်းအောင်လှိုင်က ၎င်းကိုယ်ကိုယ် သမ္မတအဖြစ် ကြေညာပြီးနောက်ပိုင်းတွင်လည်း အရပ်သားပြည်သူများအပေါ် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲဖြစ်ကြောင်း ထပ်မံသက်သေပြလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများအနေဖြင့် စစ်ခေါင်းဆောင်များကို မည်သည့်နည်းနှင့်မျှ အသိအမှတ်မပြုရန် ND-Burma က တိုက်တွန်းထားသည်။


လက်ရှိတွင် စစ်ကောင်စီတပ်များသည် အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် လေကြောင်းနှင့် မြေပြင်မှ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်လျက်ရှိသည်။ စစ်ဘေးဒဏ်သင့် ပြည်သူများအတွက် အမိုးအကာ၊ ဆေးဝါး၊ ရိက္ခာနှင့် သောက်သုံးရေများ အရေးပေါ် လိုအပ်နေချိန်တွင် စစ်တပ်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို လက်နက်သဖွယ် အသုံးချနေပြီး အဆိုပါအကူအညီများ ဘေးကင်းလုံခြုံစွာ ရောက်ရှိရေးကို တမင်ရည်ရွယ်၍ ခက်ခဲကြန့်ကြာအောင် လုပ်ဆောင်နေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။


စစ်ကောင်စီ၏ ပြင်းထန်သော ဖိနှိပ်မှုများကြားမှပင် တော်လှန်ရေးခေါင်းဆောင်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ ကြိုးပမ်းအားထုတ်မှုများမှာ ဆက်လက်ရှင်သန်နေဆဲဖြစ်သည်။ စစ်အာဏာရှင်စနစ် ကင်းစင်ရေးနှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် ၎င်းတို့၏ အသံများကို နားထောင်ရန် လိုအပ်ကြောင်း ထောက်ပြထားသည်။


ထို့ပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်ကောင်စီနှင့် ဆက်သွယ်မှုများကို ဖြတ်တောက်ရန်၊ လေကြောင်းရန် ကာကွယ်ရေးအကူအညီများ ပံ့ပိုးပေးရန်နှင့် ဒီမိုကရေစီအရေး လှုပ်ရှားသူများကို လူ့အခွင့်အရေးရှုထောင့်မှ ဦးစားပေး ကူညီရန် တောင်းဆိုထားသည်။ အထူးသဖြင့် နယ်စပ်ဖြတ်ကျော် ကူညီကယ်ဆယ်ရေး အစီအစဉ်များနှင့် မြေပြင်တွင် ဒေသခံများကို လူမှုဝန်ဆောင်မှုများ ပေးနေသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများကို ပိုမိုအားဖြည့် ထောက်ပံ့ပေးရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။


အဆိုပါ အစီရင်ခံစာနှင့်ပတ်သက်၍ အသေးစိတ် သိရှိမေးမြန်းလိုပါက နိုင်အဲမွန် (Signal: +66 86 1679 741) နှင့် ဆန်ထွယ် (Signal: +66 657549336) တို့ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

Comments


bottom of page