ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင် ကျဆုံးခြင်း (၁) နှစ်ပြည့် အောက်မေ့ဖွယ်သဝဏ်လွှာကို တကသကျောင်းသားဟောင်းများအင်အားစု ထုတ်ပြန်
- Horizons News

- 2 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၂၀ ၊ Horizons

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်တွင်း ဆေးကုသခွင့် လုံလောက်စွာမရရှိဘဲ ကျဆုံးခဲ့ရသူ ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင် မဝတ်ရည်အောင်၏ (၁) နှစ်ပြည့် အောက်မေ့ဖွယ် မှတ်တမ်းတင်သဝဏ်လွှာကို တကသကျောင်းသားဟောင်းများအင်အားစုက ယနေ့ (ဇူလိုင်လ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် မဝတ်ရည်အောင်၏ စွန့်လွှတ်အနစ်နာခံ တိုက်ပွဲဝင်ခဲ့မှုနှင့် သတ္တိကို သမိုင်းမှတ်တမ်းတင်ထားပြီး ကျန်ရစ်သူ မိသားစုဝင်များ၊ ရဲဘော်များနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။
မဝတ်ရည်အောင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့တွင် ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများကြောင့် အခြားကျောင်းသား (၅) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
သူမသည် မဖမ်းဆီးမီက အစာအိမ်နာရောဂါသာ ရှိခဲ့သော်လည်း စစ်ကြောရေးစခန်း၌ ပြင်းထန်သော နှိပ်စက်စစ်ဆေးခံခဲ့ရမှုများကြောင့် ဦးခေါင်းနှင့်ပတ်သက်သည့် ရောဂါဝေဒနာများကိုပါ အကျဉ်းထောင်အတွင်း ဆက်လက်ခံစားခဲ့ရပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့တွင် အင်းစိန်ထောင်အတွင်း ကွယ်လွန်ကျဆုံးခဲ့ရခြင်းဖြစ်သည်။
မဝတ်ရည်အောင် ကျဆုံးခြင်း (၁) နှစ်ပြည့်နှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုမင်းဟန်ထက်က မဝတ်ရည်အောင်၊ မအေးနန္ဒာစိုးနှင့် မနိုဘယ်အေး စသည့် အကျဉ်းထောင်နှင့် စစ်ကြောရေးများ၌ ဒူးမထောက်ဘဲ အသက်ပေးဆပ်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ၏ စိတ်ဓာတ်သည် အနာဂတ်အတွက် လမ်းပြနေမည်ဖြစ်ကြောင်းနှင့် ၎င်းတို့အတွက် တရားမျှတမှုရရှိရန် ပန်းတိုင်ရောက်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် အင်းစိန်ထောင်အတွင်း မဝတ်ရည်အောင်နှင့် အတူနေထိုင်ခဲ့သည့် ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသူတစ်ဦး၏ ပြောကြားချက်အရ အင်းစိန်ဗဟိုအကျဉ်းထောင် ဆေးရုံဆောင်မှ တာဝန်ကျဆရာဝန်များသည် သူမအား လိုအပ်သည့် ဆေးဝါးကုသမှုကို အချိန်မီမပေးခဲ့ဘဲ အကြိမ်ကြိမ်တောင်းဆိုမှသာ ပြင်ပဆေးရုံသို့ ပြသခွင့်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် လူနာအား ပိုက်တန်းလန်းဖြင့် အကျဉ်းထောင်အတွင်းသို့ အတင်းအဓမ္မ ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေး အလွန်ဆိုးရွားနေချိန်၌ပင် ခြေထိပ်၊ လက်ထိပ်များ ခတ်ထားခဲ့သည့်အပြင် မဝတ်ရည်အောင် ကျဆုံးပြီးနောက် ထောင်ဆေးရုံဆောင်၌ ပြုလုပ်ရန် စီစဉ်ခဲ့သည့် ရက်လည်ဆွမ်းကျွေး အခမ်းအနားကိုလည်း ထောင်အာဏာပိုင်များက ဖျက်သိမ်းတားမြစ်ခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ အချက်အလက်များအရ စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် (၃၂) ခုတွင် ထောင်တွင်း ဆေးဝါးမလုံလောက်မှုနှင့် ဆေးကုသခွင့် ပိတ်ဆို့နှောင့်နှေးမှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား စုစုပေါင်း (၁၄၈) ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။











Comments