top of page
Logo-Icon.png

နမ့်ခမ်းပေါက်ကွဲမှု ထိခိုက်ခံရသူများအတွက် MNTJP/MNDAA၊ MSF မှ ဆေးဝါးများ လှူဒါန်း

နမ့်ခမ်း၊ ဇွန် ၁၁ ၊ Horizons



ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ဘေးသင့်ခဲ့ရသည့် ဒေသခံပြည်သူများအတွက် ဆေးကုသမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် MNTJP/MNDAA နှင့် နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF - လိုင်ဇာရုံး) တို့က လိုအပ်သော ဆေးဝါးနှင့် အထောက်အပံ့ပစ္စည်းများကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။ 


အဆိုပါ ဆေးဝါးနှင့် ထောက်ပံ့ရေးပစ္စည်းများကို ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က နမ့်ခမ်းဆေးရုံသို့ သွားရောက်ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်သည်။


ယင်းလှူဒါန်းမှုများအပြင် ဒေသတွင်းရှိ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ရက္ခိုင့်တပ်တော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တို့ကလည်း ပေါက်ကွဲမှုကြောင့် ထိခိုက်ခံစားရသူများအတွက် လိုအပ်သည့် အကူအညီနှင့် ထောက်ပံ့မှုများကို အသီးသီး ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။


ယခုကဲ့သို့ ဒုက္ခကြုံတွေ့နေရသည့် ဒေသခံမိဘပြည်သူများ၏ ကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် လာရောက်ကူညီလှူဒါန်းပေးခဲ့မှုများအပေါ် "ကောင်းတပ်ပြန်လည်ထူထောင်ရေးကော်မတီ" က ဒေသခံပြည်သူများနှင့် ဆေးရုံတာဝန်ရှိသူများအားလုံးကို ကိုယ်စားပြု၍ အထူးပင် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာထားသည်။ 


ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ထိခိုက်ကျဆုံးမှုများနှင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး လက်ရှိတွင် ဒေသခံများ ပြန်လည်ထူထောင်ရေးနှင့် ဆေးကုသမှုလုပ်ငန်းများကို လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ကော်မတီများက ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

Comments


bottom of page