နမ့်ခမ်းမြို့ ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးအတွက် မူဆယ်ရှိအဖွဲ့များက ကျပ်သိန်း ၂,၂၀၀ လှူဒါန်းမည်
- Horizons News

- Jun 10
- 1 min read
နမ့်ခမ်း၊ ဇွန် ၁၀ ၊ Horizons

၂၀၂၆ ခုနှစ် မေလ ၃၁ ရက်နေ့က နမ့်ခမ်းမြို့၊ ကောင်းတပ်ရွာတွင် ဖြစ်ပွားခဲ့သော မတော်တဆ ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များ ပြန်လည်ထူထောင်ရေးအတွက် မူဆယ်မြို့ရှိ ပရဟိတအသင်းအဖွဲ့များ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့အစည်းများ ပူးပေါင်းကာ အလှူငွေ ကျပ်သိန်း ၂,၂၀၀ ကို ကောက်ခံရရှိထားကြောင်း သိရသည်။
အဆိုပါ ရရှိထားသည့် အလှူငွေများကို ကောင်းတပ်ရွာရှိ ထိခိုက်ပျက်စီးသွားသော နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လာမည့် ဇွန်လ ၁၁ ရက်နေ့တွင် သွားရောက် လှူဒါန်းပေးသွားမည်ဖြစ်သည်။
ထိုသို့ လှူဒါန်းနိုင်ရန် ပါဝင်ကူညီပေးကြသော မိဘပြည်သူများနှင့် စေတနာရှင် အလှူရှင်များအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများက ပြောကြားထားသည်။
အဆိုပါ ကောင်းတပ်ရွာတွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ PSLF/TNLA တပ်ဖွဲ့ပိုင် ယမ်းဂိုဒေါင် ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် ဒေသခံပြည်သူ အများအပြား ထိခိုက်သေဆုံးခဲ့ရကာ လူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။
ဒေသခံများ၏ နေထိုင်ရေး ပြန်လည်ထူထောင်နိုင်ရန်အတွက် လူမှုအဖွဲ့အစည်းများ၊ စေတနာရှင်များအပြင် တိုင်းရင်းသား မဟာမိတ်အဖွဲ့များကပါ အလှူငွေများ ထည့်ဝင်ကာ ဝိုင်းဝန်းကူညီ ပံ့ပိုးလျက်ရှိသည်။
သို့သော်လည်း လက်ရှိတွင် အလှူငွေများ ခွဲဝေပေးအပ်ရာ၌ ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်နေပြီး ယင်းဖြစ်စဉ်ကြောင့် PSLF/TNLA တပ်၏ တာဝန်ရှိသူများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်များနှင့် သတင်းရင်းမြစ်များအရ သိရှိရသည်။



Comments