နမ့်ခမ်းမြို့တွင် မိုးသည်းထန်စွာရွာသွန်း၍ ရေကြီးရေလျှံမှုများဖြစ်ပွား၊ ရေနုတ်မြောင်းများ ရှင်းလင်းပေးရန် PSLF/TNLA အား ဒေသခံများ တောင်းဆို
- Horizons News

- Jun 8
- 1 min read
နမ့်ခမ်း ၊ ဇွန် ၈ ၊ Horizons
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် ယနေ့ (ဇွန်လ ၈ ရက်) နံနက်ပိုင်းက မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းခဲ့မှုကြောင့် မြို့တွင်းလမ်းမများနှင့် လူနေအိမ်အချို့တွင် ရေကြီးရေလျှံမှုများဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့နံနက် ၆ နာရီခွဲခန့်မှ ၉ နာရီအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းဖြစ်ပြီး မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြို့တွင်းရှိ သစ်ပင်ကြီးအချို့လည်း လဲကျမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ မိုးသည်းထန်မှုနှင့်အတူ ရေစီးရေလာ ပိတ်ဆို့မှုများပါ ကြုံတွေ့ရသဖြင့် လမ်းမကြီးများပေါ်တွင် ရေလျှံရုံသာမက ပြည်သူများ၏ နေအိမ်များအတွင်းသို့ပါ ရေများ အရှိန်အဟုန်ဖြင့် ဝင်ရောက်ခဲ့ကာ အိမ်တွင်းပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု အများအပြား ရှိခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ ရေကြီးရေလျှံမှုနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက "မနက်က မိုးက တော်တော်လေးကို သဲတာ။ ၆ ခွဲလောက်ကနေ ၉ နာရီအထိ မပြတ်ရွာတော့ ရေတွေက ချက်ချင်းတက်လာပြီး အိမ်ထဲတွေအထိ ဝင်ကုန်တာပဲ။
သစ်ပင်ကြီးတွေလည်း လဲကျတယ်၊ အိမ်ထဲက ပစ္စည်းတွေတော်တော်များများလည်း ရေစိုပြီး ပျက်စီးကုန်တယ်" ဟု ဖြစ်စဉ်ကို ရှင်းပြသည်။
ယခုကဲ့သို့ ရေကြီးရေလျှံရခြင်းမှာ မိုးအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ဖြစ်သော်လည်း မြို့တွင်းရှိ ရေနုတ်မြောင်းများ ပိတ်ဆို့နေခြင်းနှင့် ရေစီးရေလာ မကောင်းခြင်းတို့က အဓိက အကြောင်းရင်းတစ်ခု ဖြစ်နေကြောင်း ဒေသခံများက ထောက်ပြကြသည်။
သို့ဖြစ်ပါ၍ နောင်တွင် ရေကြီးရေလျှံမှုဒဏ်ကို ထပ်မံမခံစားရစေရန်နှင့် မိုးရာသီအတွင်း သွားလာရေး အဆင်ပြေချောမွေ့စေရန်အတွက် လက်ရှိမြို့ကို အုပ်ချုပ်နေသည့် တအာင်းအုပ်ချုပ်ရေး အဖွဲ့ အနေဖြင့် မြို့တွင်းရေနုတ်မြောင်းများကို စနစ်တကျ ပြန်လည်ဆယ်ယူရှင်းလင်းပေးရန်နှင့် ရေစီးရေလာ ကောင်းမွန်အောင် အမြန်ဆုံး ဖြေရှင်းဆောင်ရွက်ပေးရန် ဒေသခံပြည်သူများက အပြင်းအထန် တောင်းဆိုနေကြကြောင်း သိရှိရသည်။



Comments