top of page
Logo-Icon.png

နယ်စပ်ဂိတ်များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကြားခံအဖွဲ့အစည်းများ ဝင်စွက်ရန်မလိုဘဲ လုံခြုံရေးတိုးမြှင့်၍ ပြန်လည်ထိန်းချုပ်ရန် မင်းအောင်လှိုင် အမိန့်ပေး

နေပြည်တော် ၊ ဇူလိုင် ၁၀ ၊ Horizons



မြန်မာနိုင်ငံ၏ နယ်စပ်ဂိတ်များနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ နှစ်နိုင်ငံအစိုးရများ အချင်းချင်းသာ ဆောင်ရွက်ရမည်ဖြစ်ပြီး မည်သည့်ကြားခံအဖွဲ့အစည်း၊ မည်သည့်နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ရန် မလိုအပ်ကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။


မဟာဗျူဟာအရ အရေးပါသည့် လမ်းကြောင်းများနှင့် နယ်စပ်မြို့များကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ကြရန်လည်း ၎င်းက အမိန့်ပေး ညွှန်ကြားလာပါတယ်။


ယမန်နေ့ ဇူလိုင် ၉ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းနှင့် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် အထက်ပါအတိုင်း ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။


ယခင်အစိုးရများ လက်ထက်ကတည်းက စတင်ခဲ့ပြီး လက်ရှိတွင် နှောင့်နှေးကြန့်ကြာနေသည့် အဆိုပါ နယ်စပ်ဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး စီမံကိန်းများကို အမြန်ဆုံး ပြီးစီးအောင် ဝိုင်းဝန်းကြိုးပမ်းကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။


ထို့အပြင် အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် လာအိုနိုင်ငံများသို့ ဆက်သွယ်ထားသည့် မုံရွာ-ယာကြီး-ကလေး-တမူး ကုန်သွယ်ရေးလမ်းကြောင်းနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဆက်စပ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများကို အရှိန်မြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း ဆိုပါတယ်။


ပဲခူး-ဘားအံ-ကော့ကရိတ်-မြဝတီ-ထိုင်းနယ်စပ် အမြန်လမ်းမကြီးကို လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး လုံခြုံရေးအစီအမံများ တိုးမြှင့်ရန်နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) နှင့် ဆက်စပ်သော မဟာဗျူဟာမြောက် အဝေးပြေးလမ်းမကြီးများ ဖောက်လုပ်ရေးကို ပြန်လည်စတင်ရန်လည်း အမိန့်ပေးခဲ့ပါတယ်။


လက်ရှိ မြေပြင်အခြေအနေတွင်မူ အိန္ဒိယ-မြန်မာ၊ ထိုင်း-မြန်မာ နှင့် တရုတ်-မြန်မာ နယ်စပ်မြို့များနှင့် ကုန်သွယ်ရေးလမ်းကြောင်းများကို ကရင်လက်နက်ကိုင်တပ်များ၊ ချင်းတော်လှန်ရေးတပ်များ၊ MNDAA ၊ KIA ၊ TNLA ၊ UWSA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များက အသီးသီး ထိန်းချုပ်သိမ်းပိုက်ထားကြပါတယ်။


Photo – CJ


Comments


bottom of page