ပဲခူးတိုင်းတွင် စစ်သားတစ်ဦးက မိသားစုဝင် (၄) ဦးကို ပစ်သတ်၍ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုနှင့် ပြည်မြို့နယ်၌ ရဲတပ်သားတစ်ဦး သေနတ်ဖြင့် အဆုံးစီရင်မှု ဖြစ်ပွား
- Horizons News

- 4 days ago
- 1 min read
ပဲခူး ၊ ဇူလိုင် ၁၄ ၊ Horizons

ပဲခူးတိုင်းအတွင်းရှိ စစ်ဘက်နှင့် ရဲဘက်အသိုင်းအဝိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်အဆုံးစီရင်မှု (၂) ခု ဆက်တိုက် ဖြစ်ပွားခဲ့သည်။ တောင်ငူလေ့ကျင့်ရေးတပ်မှ ဖြစ်စဉ်တွင် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် (၄) ဦး သေဆုံးခဲ့ကာ၊ ပြည်မြို့နယ်တွင်လည်း ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ် ပစ်ခတ်အဆုံးစီရင်သွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၂ ရက်နေ့က ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ လေ့ကျင့်ရေးတပ်အတွင်း၌ စစ်သားတစ်ဦးက မိသားစုဝင် (၄) ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုတစ်ရပ် ဖြစ်ပွားခဲ့သည်။
တပ်တွင်းသတင်းရင်းမြစ်များ၏ အဆိုအရ အဆိုပါတပ်တွင်း၌ ဈေးဆိုင်ဖွင့်လှစ်ထားသည့် စစ်သားလင်မယားနှစ်ဦး စကားများရန်ဖြစ်ရာမှတစ်ဆင့် လင်ဖြစ်သူက သေနတ်ဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ပစ်ခတ်မှုကြောင့် ဇနီး၊ ယောက်ဖနှင့် ယောက္ခမ ဖြစ်သူတို့မှာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ကလေးငယ်တစ်ဦးမှာလည်း သေနတ်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကာ ဇူလိုင်လ ၁၃ ရက်နေ့ နံနက် ၃ နာရီခန့်တွင် ကွယ်လွန်သွားခဲ့သည်။
ကျူးလွန်သူ စစ်သားသည် ကွမ်းလုံဒေသမှ တောင်ငူသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး တပ်တွင်း၌ မူးယစ်ဆေးဝါး စွဲလမ်းနေသူတစ်ဦးဖြစ်ကြောင်း သိရသည်။အလားတူ ဇူလိုင်လ ၁၂ ရက်နေ့ ညနေ ၆ နာရီခန့်ကလည်း ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ရှိ နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ အဆုံးစီရင်သွားခဲ့သည်။
သေဆုံးသူမှာ ရဲတပ်သား ဟိန်းမင်းထက် ဖြစ်ပြီး ၎င်းနေထိုင်ရာ စခန်းမှူးနေအိမ် လိုင်းခန်းအဟောင်းပေါ်တွင် ၎င်းကိုင်ဆောင်သည့် BA 63 အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သေနတ်ဒဏ်ရာများကြောင့် ပစ်ခတ်မှုဖြစ်ပွားပြီး (၆) မိနစ်အကြာ ညနေ ၆ နာရီ ၆ မိနစ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း ရဲသတင်းရင်းမြစ်က အတည်ပြုသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲသတင်းရင်းမြစ်တစ်ခုက "ဆေးကြောင်တာလား။ ရှေ့တန်းထွက်ရမယ်ဆိုလို့ စိတ်ဓာတ်ကျပြီး သေကြောင်းကြံစည်တာလား ဆိုတာတော့ တိတိကျကျ မသိရသေးပါဘူး။ လက်ရှိမှာ ရဲနဲ့ စစ်သားတွေကြား မူးယစ်ဆေးဝါး သုံးစွဲမှုတွေ ရှိနေပါတယ်" ဟု ပြောကြားခဲ့သည်။



Comments