ပေါင်းတလည် နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်ခတ်ကာ သေဆုံး
- Horizons News

- 5 days ago
- 1 min read
ပြည် ၊ ဇူလိုင် ၁၃ ၊ Horizons

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ တောင်ပိုင်းရပ်ကွက်ရှိ နယ်မြေရဲစခန်းမှ ရဲတပ်သားတစ်ဦးသည် မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံးသွားခဲ့ကြောင်း စခန်းနှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) ညနေ ၆ နာရီ ၃ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူမှာ ရဲတပ်သား ဟိန်းမင်းထက် ဆိုသူဖြစ်ပြီး ၎င်းသည် စခန်းမှူး၏ နေအိမ်လိုင်းခန်းအဟောင်းပေါ်တွင် မိမိကိုယ်ကိုယ် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း စခန်းနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောကြားသည်။
၎င်းသည် ကိုယ်တိုင်ကိုင်ဆောင်ထားသော နံပါတ် U 083009 ပါ BA-63 အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရရှိခဲ့သော သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အကြောင်းရင်းကြောင့် ယခုကဲ့သို့ မိမိကိုယ်ကိုယ် ပစ်ခတ်သေဆုံးခဲ့ရသည်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။



Comments