ပြင်သစ်သမ္မတ၏ သဝဏ်လွှာနှင့် ရပ်တည်ချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကျေးဇူးတင်ကြောင်း ထုတ်ပြန်
- Horizons News

- Jul 9
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၉ ၊ Horizons

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုထံ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က သဝဏ်လွှာပေးပို့ခဲ့ပြီး မြန်မာပြည်သူများအပေါ် ပြင်သစ်နိုင်ငံ၏ ခိုင်မာသော ရပ်တည်ချက်နှင့် အားပေးထောက်ခံမှုများအတွက် အထူးကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ်က ယနေ့တွင် ထုတ်ပြန်ပြောဆိုလိုက်သည်။

ပြင်သစ်သမ္မတအနေဖြင့် ၎င်းတို့မိသားစု၏ စိုးရိမ်ပူပန်မှုများကို နားလည်ပေးကာ Proof of Life (အသက်ရှင်လျက်ရှိကြောင်း သက်သေပြရန် တောင်းဆိုမှု) လှုပ်ရှားမှုကို အားပေးထောက်ခံသည့်အတွက် များစွာကျေးဇူးတင်ကြောင်း ကိုကင်မ်အဲရစ်က ဆိုသည်။
ထို့ပြင် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် ဆက်သွယ်ခွင့်၊ ရှေ့နေများနှင့် တွေ့ဆုံခွင့်၊ သင့်လျော်သော ကျန်းမာရေးစောင့်ရှောက်မှု ရရှိခွင့် စသည့် အခြေခံအခွင့်အရေးများ ရရှိရမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံက အလေးအနက်ထား ပြောကြားပေးမှုကိုလည်း ကြိုဆိုခဲ့သည်။
အာဆီယံက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုခဲ့ခြင်းကို ပြင်သစ်နိုင်ငံက ထောက်ခံပေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် နိုင်ငံတကာ မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်နေမှုသည်လည်း မိသားစုအတွက် များစွာ အားတက်စရာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယနေ့အချိန်အထိ မိသားစုဝင်များအနေဖြင့် မိခင်ဖြစ်သူနှင့် အဆက်အသွယ် လုံးဝမရသေးဘဲ အသက်ရှင်လျက် ရှိ၊ မရှိကိုပင် မသိရသေးသည့် ယခုကဲ့သို့ အချိန်မျိုးတွင် ပြင်သစ်နိုင်ငံ၏ ရပ်တည်ချက်နှင့် လူ့အခွင့်အရေးအပေါ် ခိုင်မာသော ကတိကဝတ်များသည် ၎င်းတို့အတွက် မျှော်လင့်ချက်တစ်ခု ဖြစ်စေကြောင်း ဖော်ပြထားသည်။
မြန်မာပြည်သူများနှင့်အတူ ဆက်လက် ရပ်တည်ပေးနေသည့် သမ္မတ မက်ခရွန်၊ ပြင်သစ်အစိုးရနှင့် ပြင်သစ်ပြည်သူအားလုံးကို စိတ်နှလုံးသားထဲမှ အထူးကျေးဇူးတင်ရှိကြောင်း ကိုကင်မ်အဲရစ်က ရေးသားထုတ်ပြန်ထားသည်။



Comments