ပြည်မြို့နယ်၊ ပေါင်းတလည်မြို့ရှိ ဆန်စက်တစ်ခုတွင် မီးလောင်မှုဖြစ်ပွား၊ မီးသတ်ယာဉ် ၁၅ စီးကျော်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရ
- Horizons News

- 5 days ago
- 1 min read
ပြည် ၊ ဇူလိုင် ၁၃ ၊ Horizons

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ပေါင်းတလည်မြို့၊ ဆင်မြီးဆွဲလမ်းပေါ်ရှိ ဆန်စက်တစ်ခုတွင် ယနေ့ (ဇူလိုင်လ ၁၃ ရက်) နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အဆိုပါဆန်စက်၌ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
သတင်းရရှိချိန်တွင် ပြည်ခရိုင်နှင့် ပြည်မြို့နယ်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းများ ပူးပေါင်းကာ အချိန်မီ သွားရောက်ငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၁၀ နာရီ ၅၃ မိနစ်အချိန်တွင် မီးကို ထိန်းချုပ်နိုင်ခဲ့ပြီး နံနက် ၁၁ နာရီ ၃ မိနစ်တွင် မီးလုံးဝ ငြိမ်းသွားခဲ့သည်။
မီးငြှိမ်းသတ်ရာတွင် ပြည်ခရိုင်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ပြည်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၁) စီး၊ ပေါင်းတလည်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး၊ ပြည်မြို့နယ် အရန်မီးသတ်တပ်ရင်းမှ မီးငြှိမ်းသတ်ယာဉ် (၇) စီးနှင့် ရေသယ်ယာဉ် (၁) စီး၊ ပေါင်းတလည် အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂) စီးနှင့် ဂရုဏာသိဒ္ဓိ ပရဟိတအသင်းမှ ရေသယ်ယာဉ် (၁) စီး စုစုပေါင်း မီးသတ်ယာဉ်နှင့် ရေသယ်ယာဉ် (၁၅) စီးကျော်ဖြင့် အင်အားအလုံးအရင်း အသုံးပြု ငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်အတွင်း လူထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြည်မြို့နယ် အရန်မီးသတ်တပ်ရင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရသည်။









Comments