top of page
Logo-Icon.png

ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများကို ULA/AA ကယ်ဆယ်ရေးအဖွဲ့များက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးပြီး ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ကူညီပံ့ပိုး

ပုဏ္ဏားကျွန်း ၊ ဇူလိုင် ၁၂ ၊ Horizons



ရခိုင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုကို ရင်ဆိုင်နေရသည့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ ရေဘေးသင့်မိဘပြည်သူများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) ၏ ကယ်ဆယ်ကူညီရေးအဖွဲ့များက ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်) တွင် ဘေးလွတ်ရာသို့ အရေးပေါ်ရွှေ့ပြောင်းနေရာချထားပေးခြင်းနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ရပ်ရွာများ၌ ရေကြီးရေလျှံမှုများ ဆိုးရွားစွာဖြစ်ပေါ်နေသဖြင့် ULA/AA ကယ်ဆယ်ရေးအဖွဲ့ဝင်များသည် ရေနစ်မြုပ်နေသည့် နေအိမ်များအတွင်းမှ ဒေသခံပြည်သူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို စက်လှေများ၊ မော်တော်ဘုတ်များအသုံးပြုကာ ဘေးကင်းလုံခြုံသည့် ယာယီကယ်ဆယ်ရေးစခန်းများနှင့် ကုန်းမြင့်ပိုင်းနေရာများသို့ အချိန်မီ အရေးပေါ်ရွှေ့ပြောင်းနေရာချထားပေးခဲ့ကြသည်။



ထို့အပြင် ယာယီခိုလှုံနေကြရသည့် ရေဘေးသင့်ပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန်အတွက် အခြေခံစားနပ်ရိက္ခာများနှင့် သောက်သုံးရေများကို သွားရောက်ထောက်ပံ့ကူညီပေးခဲ့ကြသည်။ 


တစ်ချိန်တည်းမှာပင် ULA/AA ၏ ဆေးအဖွဲ့များကလည်း ရေဘေးကြောင့် ဖြစ်ပွားလာနိုင်သည့် အဖျားအနာများနှင့် ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် ရေဘေးသင့်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ဆေးဝါးများ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများကို တက်ကြွစွာ ဆောင်ရွက်ပေးနေကြကြောင်း သိရှိရပါသည်။



Comments


bottom of page