top of page
Logo-Icon.png

ပုသိမ်-ချောင်းသာကားလမ်းတွင် တောင်ကျရေကြောင့် နေအိမ်များမျောပါပြီး လူတစ်ဦးသေဆုံး၊ ရေဘေးအန္တရာယ် အထူးသတိပြုရန် နှိုးဆော်ထား

ပုသိမ် ၊ ဇူလိုင် ၁၅ ၊ Horizons



ဧရာဝတီတိုင်း၊ ပုသိမ်-ချောင်းသာ ကားလမ်းပိုင်းတွင် ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေ အရှိန်အဟုန်ဖြင့် စီးဆင်းမှုကြောင့် နေအိမ်အချို့ ရေစီးနှင့်အတူ မျောပါသွားကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။


ဖြစ်စဉ်မှာ ယနေ့ (ဇူလိုင်လ ၁၄ ရက်) နံနက်ပိုင်းက ချောင်းသာကမ်းခြေအနီးရှိ ခြောက်ကောင်ကျေးရွာတွင် တောင်ကျရေများ ရုတ်တရက် ဆင်းလာခြင်းဖြစ်သည်။ ယင်းတောင်ကျရေကြောင့် နေအိမ်အချို့ မျောပါသွားခဲ့ပြီး လူ (၃) ဦး ရေစီးနှင့်အတူ မျောပါသွားခဲ့ရာ (၂) ဦးကို အချိန်မီ ကယ်ဆယ်နိုင်ခဲ့သော်လည်း ကျန် (၁) ဦးမှာမူ အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။


တောင်ဖြတ်လမ်းဖြစ်သည့် ပုသိမ်-ချောင်းသာ ကားလမ်းပိုင်းသည် မိုးသည်းထန်ပါက လမ်းရေကျော်လေ့ရှိသည့် နေရာတစ်ခုဖြစ်သည်။ လက်ရှိအချိန်တွင် မိုင်တိုင် (၂၆) အနီးနှင့် ချောင်းသာဆင်စခန်းအနီးတို့၌ ကားလမ်းပေါ်သို့ ရေကျော်နေသဖြင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍မရဘဲ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လျက်ရှိသည်။


"အဲဒီနေရာက နှစ်တိုင်း ရေကြီးတတ်ပေမဲ့ ဒီနှစ်က ရုတ်တရက် မိုးအရမ်းကြီးပြီး ရေစီးသန်တော့ အိမ်တွေပါ ပါကုန်တာ။ လူပါမျောပြီး သေတဲ့အထိ ဖြစ်သွားတာ" ဟု မြေပြင်အခြေအနေနှင့် ပတ်သက်၍ ဒေသခံတစ်ဦးက ပြောပြသည်။ လတ်တလောတွင် ရေစီးကြောင့် မျောပါပျက်စီးသွားသည့် နေအိမ်အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


အလားတူ နိုင်ငံတစ်ဝန်းရှိ ဒေသအများအပြားတွင်လည်း မိုးကြီးမှုများနှင့် ကြုံတွေ့နေရပြီး ရခိုင်ပြည်နယ်၌ ရေကြီးရေလျှံမှုများကြောင့် လူသေဆုံးမှုများ ရှိနေကာ အာရက္ခတပ်တော် (AA) နှင့် အရပ်ဘက် လူမှုကူညီရေးအဖွဲ့အစည်းများက ဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိသည်။


ယခုရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း ထပ်မံဖြစ်ပေါ်လာနိုင်ပြီး ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတို့တွင် မိုးဆက်လက်သည်းထန်နိုင်သဖြင့် ရေဘေးအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက အသိပေး နှိုးဆော်ချက် ထုတ်ပြန်ထားသည်။


( ပုသိမ်-ချောင်းသာ လမ်းပိုင်းမှာ တောင်ကျရေ ဝင်လာနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ − Win Aung/FB )



Comments


bottom of page