ပစ္စည်းဝင်ခိုးရင်း (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် လူသတ်ခဲ့သူအား ကြိုးမိန့်နှင့် ထောင်ဒဏ် (၁၄) နှစ် ချမှတ်
- Horizons News

- 3 hours ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၂၄ ၊ Horizons

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်တွင် နေအိမ်အတွင်းသို့ ပစ္စည်းဝင်ခိုးရင်း အသက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူအား မရမ်းကုန်းခရိုင်တရားရုံးက ဇူလိုင်လ ၂၃ ရက်နေ့တွင် မသေမချင်း ကြိုးပေးကွပ်မျက်ရန်နှင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၄) နှစ် ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုး (ခ) အင်ဂျင်ဝိုင် ကို ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းခရိုင်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၂ (၁) အရ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန်၊ ပုဒ်မ ၃၈၀/၇၅ အရ ထောင်ဒဏ် (၇) နှစ်နှင့် ပုဒ်မ ၄၅၇ အရ ထောင်ဒဏ် (၇) နှစ် စုစုပေါင်း ထောင်ဒဏ် (၁၄) နှစ်ကို အလုပ်ကြမ်းနှင့်တကွ ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
"ဇူလိုင်လ ၂ ရက်က အမှုတွဲကို တရားရုံးတင်တယ်။ ၂၃ ရက်မှာ အမိန့်ချတယ်။ ရက် (၁၀၀) စီမံချက်ဆိုတော့ အမှုစစ်ဆေးတာ အရမ်းမြန်ဆန်တယ်" ဟု တရားရုံးနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။
ပြစ်မှုကျူးလွန်သူ အောင်ကျော်စိုးသည် ပြီးခဲ့သည့် ဇွန်လ ၁၉ ရက်နေ့က လှိုင်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်ရှိ နေအိမ် (၂) လုံးကို ဝင်ရောက်ခိုးယူခဲ့ပြီးနောက် (၁၅) နှစ်အရွယ် မိန်းကလေးငယ်ကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းကို ပြစ်မှုကျူးလွန်ပြီး နောက်တစ်နေ့ဖြစ်သည့် ဇွန်လ ၂၀ ရက်နေ့တွင် တွံတေးမြို့နယ်၊ သရက်နှစ်ပင်ကျေးရွာ၌ ဖမ်းဆီးရမိခဲ့သည်။
ယင်းနောက် လှိုင်မြို့မရဲစခန်းက (ပ) ၁၅၁/၂၀၂၆၊ ပုဒ်မ ၃၀၂၊ ၃၇၆ တို့ဖြင့် အမှုဖွင့်လှစ်ခဲ့ကာ ဇူလိုင်လ ၂ ရက်နေ့တွင် ပုဒ်မ ၃၀၂၊ ၄၅၇၊ ၃၈၀/၇၅ တို့ဖြင့် မရမ်းကုန်းခရိုင်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(ဓာတ်ပုံ - MOI)



Comments