ရွာငံတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ခဏတာ တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီဘက်မှ ရုပ်အလောင်းများ သယ်ဆောင်သွား
- Horizons News

- 4 hours ago
- 1 min read
ရွာငံ ၊ ဇူလိုင် ၂၄ ၊ Horizons

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ဆင်ဆာပြားကျေးရွာအနီးတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲတစ်ရပ် ရုတ်တရက် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ တိုက်ပွဲမှာ မိနစ်ပိုင်းမျှသာ ကြာမြင့်ခဲ့သည့် ခဏတာ ထိတွေ့မှုဖြစ်ပြီး သေနတ်ပစ်သံများ ငြိမ်သက်သွားပြီးနောက် စစ်ကောင်စီယာဉ်တန်း ရောက်ရှိလာကာ ရုပ်အလောင်းများကို လာရောက်သယ်ဆောင်သွားသည်ကို တွေ့ရှိခဲ့ရသည်ဟု ဒေသခံများက ပြောသည်။
"သေနတ်သံက ခဏပဲကြားရတာ။ နောက်တော့ စစ်ကားတွေ ဝင်လာပြီး အလောင်းတွေ သယ်သွားတာ တွေ့ရတယ်။ ဘယ်အဖွဲ့နဲ့ ဖြစ်တာလဲဆိုတာတော့ အတိအကျ မသိရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ယင်းထိတွေ့တိုက်ပွဲအတွင်း မည်သည့် တော်လှန်ရေးတပ်ဖွဲ့နှင့် ဖြစ်ပွားခဲ့သည်ဆိုသည်ကို အတည်မပြုနိုင်သေးသလို နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကိုလည်း သီးခြား အတည်မပြုနိုင်သေးပေ။ ယခုကဲ့သို့ ရုတ်တရက် တိုက်ပွဲဖြစ်ပွားမှုကြောင့် ကျေးရွာနေ ပြည်သူများ စိုးရိမ်ထိတ်လန့်နေကြပြီး နောက်ဆက်တွဲ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာမည်ကိုလည်း ပူပန်နေကြသည်။
"အခုလို ရုတ်တရက် တိုက်ပွဲဖြစ်လာတော့ ရွာသားတွေ အကုန်လုံး လန့်သွားကြတယ်။ အခုဆိုရင် အသံကြားတာနဲ့ အပြင်တောင် မထွက်ရဲတော့ဘူး။ ရွာသားတွေကတော့ အခြေအနေ ထပ်ဆိုးလာမှာကို စိုးရိမ်နေကြတယ်" ဟု အခြား ဒေသခံတစ်ဦးက ဆိုသည်။
ရွာငံမြို့နယ်အတွင်း၌ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)၊ ဓနုပြည်နယ်အမျိုးသားများကာကွယ်ရေးတပ် (DSNDA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF တပ်ရင်း ၁၀၀၃ အပါအဝင် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များ စစ်ရေးလှုပ်ရှားလျက်ရှိသည်။
သို့သော်လည်း ယခုဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့် တော်လှန်ရေးအဖွဲ့အစည်းကမျှ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။



Comments