ပတ္တရားဆွေးနွေးပွဲအပြီး ကရင်နီတွင် စစ်ကောင်စီက လေကြောင်းဖြင့် ဖိအားပေး ခြိမ်းခြောက်မှုများ ပြုလုပ်လာ
- Horizons News

- 4 days ago
- 1 min read
ကရင်နီ ၊ ဇူလိုင် ၁၅ ၊ Horizons

ထိုင်းနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အာဆီယံအထူးကိုယ်စားလှယ်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် မြန်မာ့တိုင်းရင်းသားလက်နက်ကိုင် (EAOs) များ၏ ဆွေးနွေးပွဲအပြီး နောက်တစ်ရက်တွင် ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းဖြင့် ခြိမ်းခြောက်ပျံသန်းမှုများ ခပ်စိပ်စိပ် ပြုလုပ်လာကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် (ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အင်းနရီကေး လာဇရို) နှင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးတို့သည် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) စသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံမှုပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ကရင်နီပြည်နယ်အတွင်းသို့ စစ်ကောင်စီက လေကြောင်းလှုပ်ရှားမှုများ ချက်ချင်း တိုးမြှင့်ပြုလုပ်လာခြင်းဖြစ်သည်။
မနေ့က မနက်ကတည်းကနေ ညပိုင်းအထိ ဂျက်ဖိုက်တာရော Y-12 တွေပါ လာရောက်ကာ ဗုံးမကြဲဘဲ ခပ်နိမ့်နိမ့်ပျံသန်းသွားကြောင်း၊ စစ်ရေးအရ အဆိုပါလောက် ပြင်းထန်သည့် အခြေအနေမရှိပေမယ့် ထိုင်းဘက်က ဆွေးနွေးမှုအပေါ် တစ်စုံတခု သက်ရောက်မှုရှိအောင် ဖိအားပေးသည့်သဘောဟု မြင်ကြောင်း ကရင်နီစစ်ရေးသတင်းရင်းမြစ်တစ်ခုက သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီ၏ လေကြောင်းခြိမ်းခြောက်မှုများသည် ဒီးမော့ဆိုမြို့နယ်နှင့် ရှမ်းပြည်နယ်တောင်ပိုင်းအစပ် ဒေသများတွင် သုံးကြိမ်ထက်မနည်း ရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လွိုင်ကော်မြို့ အရှေ့ဘက်ခြမ်းတွင်မူ လေကြောင်းတိုက်ခိုက်မှုပါ ပြုလုပ်ခဲ့သဖြင့် အသက် ၄၀ ကျော်အရွယ် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ကြောင်း စစ်ရှောင်ကူညီပေးနေသူများက အတည်ပြုထားသည်။ သို့ဖြစ်ရာ လက်ရှိရက်ပိုင်းအတွင်း ဒေသခံများနှင့် စစ်ဘေးရှောင်များအနေဖြင့် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကို အထူးဂရုပြု နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားကြသည်။
အာဆီယံအထူးကိုယ်စားလှယ် လာဇရိုက ယခု ပတ္တရားဆွေးနွေးပွဲသည် အလားအလာကောင်းမွန်ကြောင်း ပြောဆိုထားသော်လည်း မည်သည့်အချက်အလက်များကို ဆွေးနွေးခဲ့ကြသည်ကို အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မြန်မာ့အရေးနှင့် ပတ်သက်၍ ထိုင်းအစိုးရ၏ ကြားဝင်စေ့စပ်ရန် ကြိုးပမ်းမှုများသည် လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပိုမိုသိသာထင်ရှားသည့် အကျိုးတူမိတ်ဖက် ခြေလှမ်းများအဖြစ် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြဝေဖန်ထားကြသည်။
(ပုံစာ - ကရင်နီပြည်နယ်မှာ အာဏာသိမ်း စစ်တပ်က ဗုံးကြဲဖို့ ပျံသန်းလာတဲ့ လေယာဉ်ကို တွေ့ရစဉ်။ ဓာတ်ပုံ − KNDF)



Comments