ဖာလာဈေး ဆက်တိုက်ကျဆင်းမှုကြောင့် ဖရူဆိုဒေသခံတောင်သူများ နနွင်းကို အစားထိုးစိုက်ပျိုးလာ
- Horizons News

- 3 days ago
- 1 min read
ဖရူဆို ၊ ဇူလိုင် ၁၅ ၊ Horizons

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်ပေါ်ကျေးရွာများတွင် ဖာလာဈေးနှုန်းများ နှစ်ရှည်လများ ဆက်တိုက်ကျဆင်းနေမှုကြောင့် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ဒေသခံတောင်သူများက ဖာလာအစား နနွင်းကို ပြောင်းလဲအစားထိုး စိုက်ပျိုးလာကြကြောင်း သိရသည်။
ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ တောင်ပေါ်ကုန်းမြင့်ဒေသများတွင် ဒေသခံများသည် ဖာလာနှင့် နနွင်းကို အသက်မွေးဝမ်းကျောင်းအဖြစ် နှစ်စဉ် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြသည်။ ဒေသခံတောင်သူများသည် ဖာလာပင်ကို နှစ်ရှည်ပင်အဖြစ် စိုက်ပျိုးလာခဲ့ကြသော်လည်း လေးနှစ်ဆက်တိုက် ဖာလာဈေးကွက် ကျဆင်းလာခြင်းနှင့် ယခုနှစ်အတွင်း ဈေးနှုန်းပိုမိုထိုးကျသွားခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေးအတွက် လုံလောက်စွာ မထောက်ပံ့နိုင်တော့ဘဲ လက်ရှိတွင် ဈေးကောင်းရရှိနေသည့် နနွင်းစိုက်ပျိုးမှုဘက်သို့ ပြောင်းလဲလုပ်ကိုင်လာကြခြင်း ဖြစ်သည်။
ဖာလာစိုက်ပျိုးခြင်းသည် နနွင်းထက် ကုန်ကျစရိတ်သက်သာသော်လည်း ဖာလာမျိုးအရည်အသွေး မကောင်းမွန်ခြင်း၊ မျိုးမမာခြင်းတို့ကြောင့် စိုက်ပျိုးရာတွင် အပင်မသန်ဘဲ အထွက်နှုန်းနည်းပါးသည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း တောင်သူများက ဆိုသည်။
စိုက်ပျိုးမှုအခြေအနေနှင့် ပတ်သက်၍ ဒေသခံတောင်သူတစ်ဦးက “နနွင်းတော့များများလုပ်ရင် များများရတယ်။ နည်းနည်းလုပ်ရင် နည်းနည်းရတယ်။ ဖာလာခါကျတော့ ဒီနှစ်သီးလိုက် နောက်တနှစ်ဆို အပင်လှဲလိုက်။ ဒီနှစ်လိုမျိုးပေါ့ အပင်လှဲလိုက်ဆို ဒီနှစ်စားရမလား၊ မစားရတော့ဘူး။ နနွင်းကနည်းနည်းတော့ သေချာသေးတယ်” ဟု ပြောဆိုသည်။
ဒေသတွင်း ဈေးကွက်ပေါက်ဈေးများအရ ယခင်နှစ်က ဖာလာတစ်ပိဿာလျှင် ငွေကျပ် ၃၀,၀၀၀ အထိ ရှိခဲ့သော်လည်း ယခုနှစ်တွင် ငွေကျပ် ၁၆,၀၀၀ ခန့်အထိ ထက်ဝက်နီးပါး ထိုးကျသွားခဲ့သည်။ တစ်ဖက်တွင်မူ နနွင်းဈေးနှုန်းမှာ ယခင်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၁၂,၀၀၀ သာ ရှိခဲ့ရာမှ ယခုနှစ်တွင် ငွေကျပ် ၁၇,၀၀၀ ခန့်အထိ မြင့်တက်လာကြောင်း သိရသည်။
လက်ရှိတွင် နနွင်းဈေးကွက် အခြေအနေကောင်းမွန်နေသော်လည်း နောင်တွင် ကြုံတွေ့လာရနိုင်သည့် ဝယ်လိုအား အပြောင်းအလဲနှင့် ဈေးကွက်မတည်ငြိမ်မှုများကြောင့် ဈေးနှုန်းပြန်လည်ကျဆင်းသွားမည်ကို နနွင်းစိုက်တောင်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေကြကြောင်းလည်း သိရှိရသည်။



Comments