ဖယ်ခုံတွင် စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော် တိုက်ပွဲကြား ရုန်းကန်ပညာသင်နေရ၊ အကူအညီများ အရေးပေါ်လိုအပ်နေ
- Horizons News

- 1 day ago
- 1 min read
ဖယ်ခုံ ၊ ဇူလိုင် ၁၇ ၊ Horizons

ရှမ်းပြည်နယ်နှင့် ကရင်နီ (ကယား) ပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သော်လည်း စစ်ဘေးရှောင်ကလေးငယ် (၁၂၀) ကျော်သည် စာသင်နှစ်တစ်နှစ်အတွင်း နေရာအကြိမ်ကြိမ် ပြောင်းရွှေ့ကာ ပညာသင်ကြားမှုကို မပြတ်မကွက် ဆက်လက်ရုန်းကန်နေကြရကြောင်း သိရသည်။
ရှေ့တန်းစစ်မြေပြင်နှင့် နီးကပ်လွန်းသည့် အဆိုပါ ဖယ်ခုံစစ်ဘေးရှောင် မူလတန်းကျောင်းငယ်လေးသည် လုံခြုံရေးအခြေအနေကြောင့် အတည်တကျ ကျောင်းဆောင်ဆောက်လုပ်နိုင်ခြင်းမရှိဘဲ မိုးကာစများဖြင့် ယာယီဆောက်လုပ်ထားသည့် စာသင်ခန်းများတွင်သာ ပညာသင်ကြားပေးနေရခြင်းဖြစ်သည်။
လက်ရှိတွင် စစ်ဘေးရှောင်ကလေးငယ်များသည် စာသင်ကြားခွင့် ရရှိနေသော်လည်း စာရေးကိရိယာ၊ ဖိနပ်နှင့် သင်ထောက်ကူပစ္စည်းများ လုံးဝမလုံလောက်ဘဲ ဖြစ်နေသည်။ မိုးရာသီကာလဖြစ်သည့်အပြင် စစ်ရေးအခြေအနေများကြောင့် သွားလာရေး အလွန်ခက်ခဲနေပြီး စစ်ဘေးရှောင်နေရသည့် မိဘများမှာ လုပ်ကိုင်စားသောက်ရန် နည်းလမ်းမရှိသဖြင့် သားသမီးများ၏ ပညာရေးကို ကိုယ်တိုင် ပံ့ပိုးပေးနိုင်စွမ်းမရှိကြပေ။
"ရှေ့တန်းနဲ့ အလွန်နီးကပ်တဲ့အတွက် အလှူရှင်တွေရော၊ စေတနာ့ဝန်ထမ်းတွေပါ အကူအညီ လာပေးဖို့ တော်တော်လေး ခက်ခဲပါတယ်။ ဒါပေမဲ့ ဒီကလေးတွေရဲ့ ပညာရေး နောက်ကျမကျန်ခဲ့စေဖို့ ကျွန်တော်တို့ တတ်နိုင်သလောက် ရုန်းကန်ပြီး ဆက်သင်ပေးနေတာပါ" ဟု ကျောင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
စစ်ဘေးရှောင် မိသားစုများ၏ ကြပ်တည်းမှု၊ လုံခြုံရေး စိုးရိမ်ရမှုများနှင့် သွားလာရ ခက်ခဲမှုများ ရှိနေသော်လည်း ဒေသခံ ဆရာ၊ ဆရာမများနှင့် မိဘပြည်သူများက ကလေးငယ်များ၏ ပညာရေး ရပ်တန့်မသွားစေရန် အစွမ်းကုန် ကြိုးပမ်းအားထုတ်နေကြသည်။
တိုက်ပွဲများအကြား ကလေးငယ်များ၏ အနာဂတ်နှင့် ပညာရေးကဏ္ဍ နောက်မကျန်ရစ်စေရန်အတွက် အဆိုပါ ဖယ်ခုံစစ်ဘေးရှောင်ကျောင်းသို့ ပညာရေးဆိုင်ရာ ပံ့ပိုးကူညီမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကျောင်းတာဝန်ရှိသူများက နှိုးဆော်ထားကြသည်။









Comments