top of page
Logo-Icon.png

ဖယ်ခုံမြို့တွင် ဆက်တိုက်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ နေရပ်ပြန်များ အခက်ကြုံတွေ့နေရ

ဖယ်ခုံ ၊ ဇွန် ၆ ၊ (Horizons News)


ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့တွင် ယခုတစ်ပတ်အတွင်း မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိရာ ဒေသခံပြည်သူများ အထူးသဖြင့် နေရပ်ပြန်လာသူများအတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။


အထူးသဖြင့် ဖယ်ခုံအင်းနှင့် နီးကပ်သည့် ရပ်ကွက် ၄ ခုမှ ၅ ခုခန့်တွင် ရေဝင်ရောက်မှုများ ရှိနေပြီး အချို့နေရာများ၌ ဒူးခေါင်းအမြင့်အထိ ရေတက်နေကြောင်း သိရသည်။


"ဖယ်ခုံအင်းနားက ရပ်ကွက်တွေမှာ ရေဝင်နေတာပါ။ တချို့နေရာတွေဆို ရေက ကားလမ်းကျော်နေလို့ သွားလာလို့တောင် မရဘူးဖြစ်နေတယ်။


အခုထိလည်း မိုးက ဖွဲဖွဲရွာနေသေးတော့ ရေမြန်မြန်ကျဖို့ မလွယ်သေးပါဘူး" ဟု ဒေသခံတစ်ဦးက မြေပြင်အခြေအနေကို ရှင်းပြသည်။


ရေကြီးနေသည်မှာ ၄ ရက်ခန့် ကြာမြင့်နေပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ မိုးဆက်လက်ရွာသွန်းနေဆဲဖြစ်၍ ရေကျဆင်းသွားခြင်း မရှိသေးကြောင်း သိရသည်။


ဖယ်ခုံမြို့နယ်သည် ယခင်နှစ်များက တိုက်ပွဲများကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည့် ဒေသတစ်ခုဖြစ်သည်။


ယခုအခါ အခြေအနေများကြောင့် ဒေသခံများ နေရပ်သို့ တဖြည်းဖြည်း ပြန်လည်အခြေချနေချိန်တွင် ယခုကဲ့သို့ ရေဘေးအန္တရာယ်နှင့် ထပ်မံကြုံတွေ့ရခြင်းဖြစ်သောကြောင့် ပြန်လည်ထူထောင်ရေးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများ ပိုမိုဆိုးရွားလာနေကြောင်း ဒေသခံများက ညည်းတွားပြောဆိုနေကြသည်။

Comments


bottom of page