top of page
Logo-Icon.png

ဖလမ်းမြို့တွင် ပျောက်ဆုံးနေသည့် ပညာရေးဝန်ထမ်းတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိ

ဖလမ်း ၊ ဇူလိုင် ၁၇ ၊ Horizons



ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ရက်ပိုင်းမျှ ပျောက်ဆုံးနေခဲ့သည့် ခရိုင်ပညာရေးရုံးဝန်ထမ်း Pu Pate ၏ ရုပ်အလောင်းအား ဇူလိုင်လ ၁၅ ရက်နေ့က Vankau ရပ်ကွက်ရှိ RC ဘုရားကျောင်းအနီး၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။


ရုပ်အလောင်းကို တွေ့ရှိချိန်တွင် ဒဏ်ရာပြင်းထန်စွာဖြင့် သေဆုံးနေခြင်းဖြစ်ပြီး မျက်နှာနှင့် ခန္ဓာကိုယ်မှာ မှတ်မိနိုင်ခြင်းမရှိတော့ဘဲ ၎င်းဝတ်ဆင်ထားသည့် အဝတ်အစားများကို ကြည့်ရှု၍သာ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုခဲ့ရသည်။ 


အဆိုပါ ရုပ်အလောင်းတွေ့ရှိသည့် နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် နယ်မြေနှင့် အလွန်နီးကပ်ပြီး ၎င်းတို့ထိန်းချုပ်ထားရာဇုန်အတွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်၏ လက်ချက်သာဖြစ်နိုင်ကြောင်း မြို့ခံများက ယူဆနေကြသည်။


"သူပျောက်နေတာ (၁၀) ရက်လောက်ရှိပြီ။ ပြန်တွေ့တော့ အလောင်းက မှတ်ရခက်နေပြီ။ စစ်သားတွေ နေတဲ့နေရာနားမှာ တွေ့တာဆိုတော့ မြို့ခံတွေကတော့ သူတို့လုပ်တာလို့ပဲ တွက်ဆကြတယ်" ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။


သေဆုံးသူ Pu Pate ၏ ဇနီးဖြစ်သူမှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ကလေးမြို့တွင် စစ်ဘေးရှောင်ရင်း ကွယ်လွန်သွားခဲ့ပြီးဖြစ်ရာ ယခုအခါ သမီးနှစ်ဦးမှာ မိဘနှစ်ပါးစလုံးမရှိတော့ဘဲ ကျန်ရစ်ခဲ့ရသည်။ ဒေသခံများက သေဆုံးသူ Pu Pate အတွက် အထူးစိတ်မကောင်းဖြစ်ရပြီး ၎င်း၏ ရုပ်အလောင်းကို Lampa သုဿာန်သို့ ပို့ဆောင်ကာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း သိရသည်။


ဖလမ်းမြို့တွင် စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများ ဆက်တိုက်ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက်နေ့ကလည်း ဖလမ်း-ဟားခါး လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် စစ်ကောင်စီတပ်က အမျိုးသားနှစ်ဦးကို ဖမ်းဆီးခဲ့ရာ တစ်ဦးမှာ သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာမူ ဖလမ်းမြို့ ယာယီဆေးရုံတွင် ဒဏ်ရာများဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။


Comments


bottom of page