ဗမာစကားမပီသမှုကြောင့် ချင်းညီအစ်ကိုနှစ်ဦးကို စစ်ကောင်စီတပ်က နှိပ်စက်ရာ အစ်ကိုဖြစ်သူ သေဆုံးပြီး ညီဖြစ်သူ စိုးရိမ်ရ
- Horizons News

- 4 days ago
- 1 min read
ဖလမ်း ၊ ဇူလိုင် ၁၄ ၊ Horizons

ချင်းပြည်နယ်၊ ဖလမ်း-ဟားခါး လမ်းပိုင်းရှိ စစ်ကောင်စီ၏ (၁၆) မိုင် စစ်ဆေးရေးဂိတ်တွင် ပစ္စည်းသွားသယ်သည့် ဒေသခံ ချင်းညီအစ်ကိုနှစ်ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး အစ်ကိုဖြစ်သူမှာ ရုပ်ပျက်ဆင်ပျက် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆုမ်ဟရန်ကျေးရွာသား အသက် ၃၇ နှစ်အရွယ် ကိုကျော်ထွန်းအောင်သည် စစ်ဆေးရေးဂိတ်၌ ရိုက်နှက်စစ်ဆေးခံရစဉ် သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ညီဖြစ်သူမှာလည်း ပြင်းထန်ဒဏ်ရာများရရှိကာ လက်ရှိတွင် ဖလမ်းမြို့ရှိ ယာယီဆေးရုံ၌ အရေးပေါ် ဆေးကုသမှု ခံယူနေရသည်။ ပြီးခဲ့သည့် ဧပြီလကတည်းက စစ်ဘေးရှောင်နေရသည့် ၎င်းတို့ ညီအစ်ကိုနှစ်ဦးသည် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ရှောင်ခဲ့ရာ ဟရိန်နန်းကျေးရွာရှိ ကျန်ရှိနေသော အိမ်ထောင်ပရိဘောဂများကို ပြန်လည်သယ်ယူရန် သွားရောက်ခဲ့ကြခြင်းဖြစ်သည်။
မိသားစုဝင်များကို ဖလမ်းမြို့ထဲသို့ ဦးစွာပို့ဆောင်ပေးပြီးနောက် ပစ္စည်းအကြွင်းအကျန်များ သွားရောက်သယ်ယူစဉ် မြို့အဝင် (၁၆) မိုင် ဂိတ်၌ စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယခုကဲ့သို့ ဖမ်းဆီးနှိပ်စက်ခံရမှုသည် ဗမာစကား ပြောဆိုရာတွင် အဆင်မပြေမှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ "သူတို့ရှေ့မှာ ဖြတ်သွားတဲ့သူတွေတုန်းက ဘာမှမဖြစ်ခဲ့ဘူး။ ဒီညီအစ်ကိုကျမှ ဗမာစကား ကောင်းကောင်းမပြောတတ်တာကြောင့် စစ်သားတွေက သံသယဝင်ပြီး ရိုက်နှက်စစ်ဆေးတာ ဖြစ်နိုင်တယ်။ ပြန်ရတဲ့ အစ်ကိုဖြစ်သူရဲ့ အလောင်းမှာဆိုရင် ဘယ်သူဘယ်ဝါမှန်း မမှတ်မိနိုင်အောင် ရုပ်ပျက်ဆင်ပျက် ဖြစ်နေတယ်" ဟု ဖလမ်းမြို့ခံတစ်ဦးက ပြောပြသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့က ဖလမ်းမြို့ကို ပြန်လည်စိုးမိုး ထိန်းချုပ်ပြီးနောက် မြို့အဝင်အထွက် ဂိတ်များအားလုံးတွင် စစ်ဆေးမှုများကို ယခင်ကထက် ပိုမိုတင်းကျပ်ထားသည်။ ယင်းနောက်ပိုင်း လမ်းသွားလမ်းလာ ဒေသခံပြည်သူများ မတရားဖမ်းဆီးနှိပ်စက်ခံရသည့် ဖြစ်စဉ်များ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိကြောင်း မြို့ခံများထံမှ သိရသည်။



Comments