ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် ဒေသခံ ၉၀၀ နီးပါး ရေဘေးသင့်နေပြီး ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်း ပိတ်လုနီးပါးဖြစ်နေ
- Horizons News

- 6 days ago
- 1 min read
ဘီးလင်း ၊ ဇူလိုင် ၁၂ ၊ Horizons

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ဘီးလင်းမြစ်ရေ မြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများ ရေနစ်မြုပ်နေပြီး လက်ရှိတွင် ရေဘေးသင့်ပြည်သူ ၉၀၀ နီးပါးခန့်အထိ ရှိလာကြောင်း ဒေသတွင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ယနေ့ ဇူလိုင်လ ၁၂ ရက်နေ့အထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေဘေးဒဏ်ကို ခံစားနေရသည့် အိမ်ထောင်စုပေါင်း ၂၂၆ စုနှင့် စုစုပေါင်း ရေဘေးသင့်ပြည်သူ ၈၉၄ ဦးအထိ ရှိလာပြီဖြစ်ကာ ယင်းအရေအတွက်မှာ ထပ်မံတိုးပွားလာနိုင်သည့် အခြေအနေရှိနေကြောင်း သိရသည်။
လက်ရှိတွင် ဘီးလင်းမြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်သို့ ဆက်လက်မြင့်တက်နေဆဲဖြစ်ရာ မိုးထပ်မံရွာသွန်းပါက ဒေသတွင်း သွားလာရေးသာမက အဓိကကျသည့် ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုကားလမ်းမကြီးပါ ရေလွှမ်းမိုးသွားနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး လုံးဝပြတ်တောက်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။
ယခုအချိန်တွင် ဒေသခံ လူမှုကူညီရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များက ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းများကို တက်ကြွစွာ ဆောင်ရွက်ပေးနေကြသည်။
ထို့ပြင် ခရီးသွား မော်တော်ယာဉ်လိုင်းများ အခက်အခဲမဖြစ်စေရန်အတွက် ကားလမ်းမကြီး၏ ရေတက်လာမှု အခြေအနေကိုပါ ၂၄ နာရီပတ်လုံး အချိန်ပြည့် စောင့်ကြည့်လျက်ရှိကြောင်း သိရှိရသည်။



Comments