ဘီးလင်းမြို့ရှိ ရေဘေးရှောင်ပြည်သူများကို နေရပ်ပြန်ရန် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့က အတင်းအကျပ် မောင်းထုတ်
- Horizons News

- 20 hours ago
- 1 min read
ဘီးလင်း ၊ ဇူလိုင် ၁၆ ၊ Horizons

မွန်ပြည်နယ်၊ ဘီးလင်းမြို့ပေါ်ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် လာရောက်ခိုလှုံနေသည့် ရေဘေးသင့်ပြည်သူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က နေရပ်သို့ပြန်ကြရန် အတင်းအကျပ် ဖိအားပေးမောင်းထုတ်မှုများ ပြုလုပ်ခဲ့ကြောင်း ရေဘေးသင့်ပြည်သူများနှင့် ဒေသခံများထံမှ သိရသည်။
ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယအပတ်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေ မြင့်တက်လာပြီး ဒေသခံပြည်သူ (၁၀,၀၀၀) နီးပါး ရေဘေးဒုက္ခကြုံတွေ့ခဲ့ရသည်။ ထိုအထဲမှ ရေဘေးသင့်ပြည်သူ (၁,၆၀၀) ကျော်သည် စစ်ကောင်စီလက်အောက်ခံ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်း (၉) ခုတွင် လာရောက်ခိုလှုံခဲ့ကြခြင်းဖြစ်သည်။
သို့သော်လည်း ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) တွင် ဘီးလင်းမြစ်ရေ ပြန်လည်ကျဆင်းသွားပြီဟုဆိုကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ၎င်းနေ့ကို နောက်ဆုံးထား၍ စခန်းများမှ ဖယ်ရှားပေးရန် အတင်းအကျပ် လာရောက်မောင်းထုတ်ခဲ့သဖြင့် ရေဘေးသင့်ပြည်သူများနှင့် အုပ်ချုပ်ရေးအဖွဲ့အကြား အချေအတင် စကားများမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
လက်ရှိတွင် အာဏာပိုင်များ၏ ဖိအားပေးမှုကြောင့် နေရပ်သို့ ပြန်သွားကြသူများရှိသော်လည်း နေအိမ်များတွင် ရေမကျသေးသဖြင့် ပြန်ရန်အခြေအနေမပေးသေးသည့် ရေဘေးသင့်ပြည်သူ (၃၀၀) ကျော်မှာ သွားစရာနေရာမရှိဘဲ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ဘီးလင်းမြို့နယ် ဘောလုံးကွင်းပွဲကြည့်စင်တို့တွင် ခက်ခဲစွာ ဆက်လက်ခိုလှုံနေကြရသည်။
မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ယနေ့ (ဇူလိုင်လ ၁၆ ရက်) နံနက်ပိုင်း ထုတ်ပြန်ချက်အရ ဘီးလင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၁,၀၂၂ စင်တီမီတာအောက် ကျဆင်းကာ ၈၉၀ စင်တီမီတာသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မြေပြင်အခြေအနေတွင်မူ ဘီးလင်းမြစ်ကြောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း (၂၇) ရွာနှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေသိသိသာသာကျဆင်းခြင်းမရှိဘဲ ရေနစ်မြုပ်မှုများ ဆက်လက်ကျန်ရှိနေဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားသည်။



Comments