top of page
Logo-Icon.png

ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တွင် (၁၀၈) ကီလိုမီတာရှည် သံဆူးကြိုးကာရံ တည်ဆောက်မည်ဖြစ်ပြီး လုံခြုံရေး ပိုမိုတင်းကျပ်လာ

ရန်ကုန် ၊ ဇူလိုင် ၁၈ ၊ Horizons



မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေများ ပိုမိုမတည်ငြိမ်လာနေသည့်အတွက် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများ၊ လက်နက်နှင့် မူးယစ်ဆေးဝါး မှောင်ခိုကူးသန်းမှုများကို တားဆီးရန် ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် အန္တရာယ်ရှိသော နေရာများတွင် (၁၀၈) ကီလိုမီတာရှည်လျားသည့် သံဆူးကြိုးကာရံများ တည်ဆောက်သွားမည်ဖြစ်ကြောင်း Nikkei Asia သတင်းဌာနက ဖော်ပြသည်။


အဆိုပါ စီမံကိန်းကို အရှည် (၂၇၁) ကီလိုမီတာရှိသော မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနက် လုံခြုံရေးအရ အရေးပါသည့် နေရာများတွင်သာ အကောင်အထည်ဖော်မည်ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့် အိန္ဒိယနှင့် မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသည့် နယ်စပ်များတွင် ပထမဆုံးအကြိမ် သံဆူးကြိုးကာရံ တည်ဆောက်မည့် စီမံကိန်းလည်း ဖြစ်သည်။


ယင်းစီမံကိန်းကို ပြီးခဲ့သည့်လအတွင်း ပြည်ထဲရေးဝန်ကြီး ဆာလာဟူဒင် အာမက် (Salahuddin Ahmed) က လွှတ်တော်တွင် ကြေညာခဲ့ခြင်းဖြစ်ပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ၊ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် မှောင်ခိုလုပ်ငန်းများကို တားဆီးရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) ၏ အဆိုအရ သံဆူးကြိုးကာရံကို လုံခြုံရေးအန္တရာယ် အမြင့်ဆုံးဟု သတ်မှတ်ထားသည့် နယ်စပ်ဒေသများတွင် တည်ဆောက်သွားမည်ဖြစ်သော်လည်း အသေးစိတ်တည်နေရာများကို ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။


 BGB ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် ရှာရီဖူ အစ္စလာမ် က မြန်မာဘက်ခြမ်းတွင် ယခင်ရှိခဲ့သည့် နယ်စပ်စီမံခန့်ခွဲရေးစနစ်များ အများအပြား ပြိုကွဲသွားပြီဖြစ်သောကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်အတွက် လုံခြုံရေးစိန်ခေါ်မှုအသစ်များ ပေါ်ပေါက်လာကြောင်း Nikkei Asia သို့ ပြောကြားသည်။


မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးတွင် ကာကွယ်ရေးအကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အငြိမ်းစား ဗိုလ်မှူးချုပ် မိုဟာမက် ရှာဟီဒူ ဟက် ကလည်း စစ်တကောင်းတောင်တန်းဒေသမှ လူအချို့သည် ငွေကြေးရရှိရန် ရခိုင်ပြည်နယ်အတွင်းရှိ လက်နက်ကိုင်အဖွဲ့များထံ သွားရောက်ပူးပေါင်းနေသည်ဟု စိုးရိမ်မှုများရှိနေကြောင်းနှင့် တရားမဝင် လက်နက်၊ မူးယစ်ဆေးဝါးများ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆက်လက်ဝင်ရောက်နေကြောင်း ပြောဆိုသည်။


ထို့ပြင် နယ်စပ်ကင်းလှည့်လမ်းများနှင့်အတူ သံဆူးကြိုးကာရံများ တည်ဆောက်ခြင်းသည် စောင့်ကြည့်ထိန်းချုပ်နိုင်စွမ်းကို များစွာတိုးမြှင့်ပေးမည်ဖြစ်ပြီး မူးယစ်ဆေးဝါး၊ လက်နက်နှင့် လူကုန်ကူးမှုများ အဓိကဖြစ်ပွားနေသည့် နတ်မြစ် (Naf River) တစ်လျှောက်ကို ဦးစားပေးကာရံသင့်ကြောင်း ၎င်းက အကြံပြုထားသည်။


ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ ဒုတိယတပ်မှူး ဆက်ဘီယာ အာလမ် ဆူဂျန် ကလည်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အာရက္ခတပ်တော် (AA) က မောင်တောမြို့ကို သိမ်းပိုက်ပြီး နယ်စပ်တစ်လျှောက် ထိန်းချုပ်နယ်မြေများ တိုးချဲ့လာပြီးနောက် လုံခြုံရေးအခြေအနေ သိသိသာသာ ပြောင်းလဲသွားကြောင်း ပြောသည်။


လက်ရှိတွင် နယ်စပ်ဒေသအများအပြား၌ စစ်ကောင်စီ၏ အုပ်ချုပ်ရေးအာဏာ လက်တွေ့မရှိတော့သဖြင့် မတည်ငြိမ်မှုများ ပိုမိုများပြားလာခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပြန်ပေးဆွဲခံရမှု၊ နယ်စပ်ဖြတ်ကျော် မှောင်ခိုလုပ်ငန်းများ၊ ရိုဟင်ဂျာများ ထပ်မံဝင်ရောက်လာနိုင်သည့် အန္တရာယ်နှင့် မြေမြှုပ်မိုင်းအန္တရာယ်များ ဆက်လက်ရှိနေကြောင်း ၎င်းက ပြောဆိုသည်။


BGB ၏ အချက်အလက်များအရ ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် AA က မြန်မာဘက် နယ်စပ်ဒေသများကို ထိန်းချုပ်ပြီးနောက် နတ်မြစ်နှင့် ဘင်္ဂလားပင်လယ်အော်တွင် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား (၄၂၆) ဦးကျော် ဖမ်းဆီးခံခဲ့ရပြီး ယင်းအနက် (၃၂၄) ဦး ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်ရှိသူများမှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။


အငြိမ်းစား ဗိုလ်မှူးချုပ် အမ် ဆာခါဝပ် ဟိုစိန် ကလည်း AA သည် ၎င်း၏ စစ်ရေးလှုပ်ရှားမှုများအတွက် ငွေကြေးရရှိစေရန် ပြန်ပေးဆွဲငွေတောင်းခံမှုများကို ပိုမိုအားထားလာကြောင်းနှင့် AA ၏ ထိန်းချုပ်နယ်မြေများ ကျယ်ပြန့်လာပြီးနောက် နယ်စပ်ဖြတ်ကျော် မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုလုပ်ငန်းများလည်း ပိုမိုများပြားလာကြောင်း သုံးသပ်ပြောဆိုထားသည်။


Comments


bottom of page