ဘန်ကောက်ရှိ သုံးထပ်တိုက်နေအိမ်တွင် မီးလောင်မှုဖြစ်ပွား၊ လူ (၂) ဦးနှင့် ကြောင်အကောင် (၃၀) ကျော် သေဆုံး
- Horizons News

- 1 hour ago
- 1 min read
ဘန်ကောက် ၊ ဇူလိုင် ၁၈ ၊ Horizons

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ သုံးထပ်တိုက် နေအိမ်တစ်လုံးတွင် ယနေ့ (ဇူလိုင်လ ၁၈ ရက်) နံနက်ပိုင်းက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ (၂) ဦးနှင့် အိမ်တွင်း၌ မွေးမြူထားသည့် ကြောင်အကောင် (၃၀) ကျော် မီးလောင်သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့် နေအိမ်အတွင်းမှ သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ရပြီး ၎င်းတို့မှာ အသက် (၆၂) နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် (၅၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြသည်။
ထို့အပြင် ၎င်းတို့နှင့်အတူ အဆိုပါနေအိမ်အတွင်း မွေးမြူထားသည့် ကြောင်အကောင်ရေ (၃၀) ကျော်မှာလည်း မီးလောင်မှုအတွင်း ပိတ်မိကာ အသက်ဆုံးရှုံးခဲ့ရကြောင်း ထိုင်းအခြေစိုက် Matichon နှင့် Khaosod သတင်းဌာနများက ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းအသေးစိတ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေးစုံစမ်းလျက်ရှိကြောင်း သိရသည်။









Comments