ဘယ်လင်ဟမ်၏ သွင်းဂိုးနှစ်ဂိုးဖြင့် နော်ဝေကို အနိုင်ယူကာ အင်္ဂလန်အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်း
- Horizons News

- 5 days ago
- 1 min read
မိုင်ယာမီ ၊ ဇူလိုင် ၁၂ ၊ Horizons

၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်တွင် ဂျုဒ် ဘယ်လင်ဟမ် ၏ သွင်းဂိုးနှစ်ဂိုးဖြင့် အင်္ဂလန်အသင်းက နော်ဝေအသင်းကို အချိန်ပိုတွင် ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားပြီဖြစ်သည်။
အဆိုပါပွဲစဉ်ကို ဇူလိုင်လ ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် မိုင်ယာမီအားကစားကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်သည်။ ပွဲအစပိုင်းတွင် နော်ဝေအသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ဟာလန်း ၏ ခေါင်းတိုက်ချက်ဖြင့် အင်္ဂလန်ကို ခြိမ်းခြောက်နိုင်ခဲ့သည်။ ပွဲကစားချိန် ၃၆ မိနစ်တွင် အန်ဒရီယက်စ် ရှက်ဒရစ်ပ် က နော်ဝေအတွက် ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့သည်။
သို့သော် ပထမပိုင်းပြီးဆုံးခါနီး နာကျင်အချိန်ပို ၄၅+၂ မိနစ်တွင် ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်က အင်္ဂလန်အတွက် ချေပဂိုးကို အေးအေးဆေးဆေး ပြန်လည်သွင်းယူပေးခဲ့သည်။ ယင်းနောက် မကြာမီမှာပင် ဟယ်ရီကိန်း ထပ်မံဂိုးသွင်းယူနိုင်ခဲ့သော်လည်း လူကျွံနေသဖြင့် ခွင့်ပြုခြင်း မခံခဲ့ရပေ။
ဒုတိယပိုင်း ပွဲကစားချိန် မိနစ် ၆၀ ခန့်တွင် တော်ဂျွန် ဟက်ဂမ် က နော်ဝေအတွက် ဒုတိယဂိုး သွင်းယူပေးခဲ့သည်ဟု ထင်မှတ်ရသော်လည်း တိုက်စစ်မှူး ဟာလန်းက ပြိုင်ဘက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ထားသဖြင့် VAR က ပယ်ဖျက်ခဲ့သည်။
ထို့ပြင် နော်ဝေကစားသမား ခရစ္စတိုဖာ အေဂျာ ၏ ခေါင်းတိုက်ချက် ဂိုးဘားတန်းထိထွက်ခဲ့သဖြင့် အင်္ဂလန်တို့ သက်သာရာရခဲ့ပြီး ပုံမှန်ပွဲကစားချိန်အတွင်း တစ်ဖက် တစ်ဂိုးစီ သရေကျနေသဖြင့် အချိန်ပို ဆက်လက်ကစားခဲ့ရသည်။
အချိန်ပို ၉၃ မိနစ်တွင် လူစားဝင်ကစားသမား မော်ဂန် ရော်ဂျာ ၏ ပြင်းထန်သည့် ကန်ချက်ကို နော်ဝေဂိုးသမား နိုင်လန် ပုတ်ထုတ်ရာမှတစ်ဆင့် ပြန်ထွက်လာသည့်ဘောလုံးကို ဘယ်လင်ဟမ်က အနီးကပ် လျင်မြန်စွာ ပိတ်သွင်းကာ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့သည်။
ဤရှုံးနိမ့်မှုကြောင့် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မှတ်မှတ်ရရ ခြေစွမ်းပြနိုင်ခဲ့သည့် နော်ဝေအသင်းမှာ ကွာတားဖိုင်နယ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ နည်းပြ သောမတ်စ် တူဟယ်လ် ၏ အင်္ဂလန်အသင်းသည် လာမည့် ဇူလိုင်လ ၁၅ ရက်နေ့တွင် အတ္တလန်တာအားကစားကွင်း၌ လက်ရှိချန်ပီယံ အာဂျင်တီးနား (သို့မဟုတ်) ခြေစွမ်းပြနေသည့် ဆွစ်ဇာလန်အသင်းတို့ထဲမှ တစ်သင်းနှင့် ဆီမီးဖိုင်နယ် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။



Comments