မြောက်ဥက္ကလာပမြို့နယ်တွင် ဈေးရောင်းထွက်သည့် လူငယ် (၃) ဦးကို အခြားရပ်ကွက်မှ ဖမ်းဆီးကာ စစ်မှုထမ်းရန် ပို့ဆောင်
- Horizons News

- 5 days ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၃ ၊ Horizons

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် နံနက်စောစော ဈေးရောင်းရန် နေအိမ်မှထွက်လာသည့် လူငယ် (၃) ဦးကို အခြားရပ်ကွက်မှ အုပ်ချုပ်ရေးအဖွဲ့ဝင်များက လမ်းခုလတ်၌ ဖမ်းဆီးကာ စစ်မှုထမ်းရန်အတွက် အတင်းအဓမ္မ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၀ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ တံတားကြီးရပ်ကွက်တွင် နေထိုင်သည့် အသက် (၂၃) နှစ်ဝန်းကျင်အရွယ်ရှိ အမျိုးသား (၃) ဦးသည် ဈေးရောင်းရန် ထွက်လာစဉ် ထိုသို့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါ လူငယ် (၃) ဦးကို ၎င်းတို့နေထိုင်ရာ တံတားကြီးရပ်ကွက်မှ တာဝန်ရှိသူများက ဖမ်းဆီးခြင်းမဟုတ်ဘဲ (ဃ) ရပ်ကွက်ရှိ ရာအိမ်မှူးအဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ၎င်းတို့အား (ဃ) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးပြီးနောက် ယင်းနေ့ နံနက်ပိုင်းတွင်ပင် အဆိုပါလူငယ်များကို စစ်ကောင်စီ၏ စစ်မှုထမ်းစုဆောင်းရေး ပြုလုပ်နေသည့် နေရာသို့ ဆက်လက် လွှဲပြောင်းပို့ဆောင်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ဖော်ပြထားသည်။



Comments