မြောက်ဦးရှိ ရေဘေးသင့် စစ်ဘေးရှောင် ၂၀၀ ကျော်အား ကိုဝေဟင်အောင် ပရဟိတအဖွဲ့က ရိက္ခာနှင့် အလှူငွေများ သွားရောက်ထောက်ပံ့
- Horizons News

- 6 days ago
- 1 min read
မြောက်ဦး ၊ ဇူလိုင် ၁၂ ၊ Horizons

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ရေဘေးဒဏ်ကိုပါ ထပ်မံကြုံတွေ့နေရသည့် စစ်ရှောင်ပြည်သူ ၂၀၀ ကျော်အတွက် ကိုဝေဟင်အောင် ပရဟိတအဖွဲ့က ယမန်နေ့ (ဇူလိုင်လ ၁၁ ရက်) တွင် ရိက္ခာနှင့် အလှူငွေများ သွားရောက်ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါစခန်းတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ စစ်ဘေးရှောင်လာကြသည့် အိမ်ထောင်စု ၇၈ စု၊ လူဦးရေ စုစုပေါင်း ၂၇၅ ဦးရှိပြီး ၎င်းတို့အတွက် ငါးပိဿာ ၁၀၀၊ ခဝဲသီး ပိဿာ ၉၀၊ ဘုံလုံသီး၊ သခွားသီး၊ ကန်စွန်းရွက်နှင့် ချဉ်ပေါင်ရွက် အပါအဝင် ဟင်းသီးဟင်းရွက်များနှင့် တစ်ဦးလျှင် အရေးပေါ်သုံးစွဲရန် ငွေကျပ် တစ်သောင်းစီ သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။
စစ်ဘေးရှောင်ပြည်သူများ၏ အခြေအနေနှင့် ပတ်သက်၍ ပရဟိတအဖွဲ့ခေါင်းဆောင် ဆရာဝေဟင်အောင်က "သူတို့က စစ်ဘေးရှောင်စကတည်းက မိမိအိမ်ကို စွန့်ခွာပြီး ဒုက္ခကို ရင်ဝယ်ပိုက်ပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ အစစအရာရာ အစက ပြန်စနေရတဲ့သူတွေ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေအတွက် လိုအပ်ချက်တွေကတော့ ရှိနေတာပါပဲ။ လစဉ်ပုံမှန် လာလှူတာမျိုး မဟုတ်ပေမယ့် နေ့စဉ် အဆင်ပြေရင် ပြေသလို ဝိုင်းကူကြတာမျိုး ရှိပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ CSO လူမှုအဖွဲ့အစည်းတွေကလည်း ဝိုင်းကူတာတွေ ရှိပါတယ်။ လတ်တလော စစ်ဘေးရှောင်စခန်းမှာတော့ စားရေးသောက်ရေးပိုင်းရော၊ ဆေးဝါးပိုင်းပါ အရေးပေါ် လိုအပ်နေပါတယ်" ဟု ပြောပြသည်။
ထို့ပြင် ယခုသွားရောက်လှူဒါန်းမှုနှင့် ပတ်သက်၍လည်း "ဒီအလှူငွေဟာ ကျနော့်ငွေ တစ်ပြားတစ်ချပ်မှ မပါဘူး။ ပြည်တွင်းပြည်ပက စေတနာရှင်တွေ လှူထားတဲ့ အလှူငွေတွေကို တဆင့် ကျနော် ပြန်လှူတာဖြစ်ပါတယ်" ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင် စသည့် မြို့နယ်အများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေပြီး ပြည်သူအများအပြား ရေဘေးဒဏ်ကို ခံစားနေရကြောင်း သိရှိရသည်။



Comments