မြစ်ကြီးနားနှင့် ကချင်ပြည်နယ် ဒေသအချို့တွင် ကြက်ဥအတုများ ဝင်ရောက်ပျံ့နှံ့နေကြောင်း ဒေသခံများ ပြောဆို
- Horizons News

- 1 hour ago
- 1 min read
မြစ်ကြီးနား ၊ ဇူလိုင် ၂၅ ၊ Horizons

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် ဖားကန့်အပါအဝင် ဒေသအချို့တွင် ကြက်ဥအတုများ ဈေးကွက်အတွင်းသို့ ရောက်ရှိပျံ့နှံ့နေပြီး လူထုအကြား ဝယ်ယူစားသုံးမိသူများ ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ ကြက်ဥအစစ်၏ အနှစ်တွင် အမည်းစက်ငယ်များ ပါဝင်တတ်သော်လည်း ယခု ကြက်ဥအတုများမှာမူ ပြုတ်လိုက်သည့်အခါ အနှစ်မှာ ထုံးဘဲဥကဲ့သို့ မာတောင့်တောင့်ဖြစ်နေကြောင်း သိရသည်။
"ကြော်စားရင်တော့ သိပ်မသိသာဘူး။ ပြုတ်တဲ့အခါကျမှ အနှစ်က မာပြီး တောင့်တောင့်ကြီးဖြစ်နေတယ်။ အစစ်က အနှစ်ဆိုရင် ဖွဖွလေးဖြစ်နေတာ။
အတုကို စားကြည့်ရင် ခါးတက်တက် အရသာရှိပြီး အကာကတော့ သိပ်မသိသာဘူး" ဟု ၎င်းက ရှင်းပြသည်။
လက်ရှိ ဖားကန့်မြို့နယ်တွင် တရုတ်ကြက်ဥနှင့် ပြည်တွင်းခြံကြက်ဥဟူ၍ နှစ်မျိုးရောင်းချလျက်ရှိပြီး ကြက်ဥ (၆) လုံးလျှင် ငွေကျပ် (၅,၀၀၀) အထိ ပေးဝယ်နေရကြောင်း ဒေသခံများက ဆိုသည်။
မြစ်ကြီးနားမြို့နှင့် အခြားဒေသအချို့တွင်လည်း အဆိုပါ ကြက်ဥအတုများ ပျံ့နှံ့နေပြီး ဝယ်ယူသူများက မသင်္ကာသဖြင့် စစ်ဆေးကြည့်မှသာ အတုဖြစ်ကြောင်း သိရှိရသည်ဟု အခြားသတင်းရင်းမြစ်များကလည်း အတည်ပြုပြောဆိုသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြက်ဥတစ်လုံးလျှင် ၅၅၀ မှ ၇၀၀ ကျပ်အထိ စံချိန်တင် ဈေးနှုန်းမြင့်တက်သွားခဲ့ပြီး အခြေခံလူတန်းစား ပြည်သူများအကြား အဓိက ရင်ဆိုင်နေရသည့် ကုန်ဈေးနှုန်းပြဿနာတစ်ရပ် ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရသည်။



Comments