မြိုင်တွင် စစ်တပ်စစ်ကြောင်းကြောင့် အရပ်သား (၄) ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး နေအိမ်များစွာ မီးလောင်ပျက်စီး
- Horizons News

- 20 hours ago
- 1 min read
မြိုင် ၊ ဇူလိုင် ၁၆ ၊ Horizons

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယခုသီတင်းပတ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံအရပ်သား အမျိုးသား (၄) ဦးကို ညှဉ်းပန်းနှိပ်စက်ကာ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြောင်း ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဖမ်းဆီးခံခဲ့ရသည်ဟု ယူဆရသည့် အဆိုပါ အရပ်သားများ၏ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) တွင် မြင်းကိုးသစ်ကျေးရွာနှင့် လက်ခုတ်ပင်ကျေးရွာ အနီးဝန်းကျင်တို့၌ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးသူများအနက် ကန်နက်ကျေးရွာမှ အသက် (၅၀) နှင့် (၆၀) ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို လက်ခုတ်ပင်ရွာ မြောက်ဘက်ရှိ ခြံဝင်းတစ်ခုအတွင်း မြှုပ်နှံထားစဉ် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်း စစ်ရှောင်ကူညီပေးနေသည့် 'အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း - မြိုင်' မှ ပြောရေးဆိုခွင့်ရှိသူ ဆရာထွေးက ဆိုသည်။
> "အဲ့ဒီအလောင်းနှစ်လောင်းက လက်ပြန်ကြိုးတုပ်ထားတယ်။ လည်ပင်းမှာလှီးတယ်။ ဗိုက်တွေမှာ ထိုးတယ်။ ပေါင်တွေမှာလည်း ညိုမည်းဒဏ်ရာတွေနဲ့။ အဝတ်ဗလာဗျ။ ညှဉ်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ထားတဲ့ သဘောဗျ။ ဒါကလည်း မြှုပ်ထားတဲ့ကျင်းထဲမှာပဲ သူ့ကိုထိုးတဲ့ ဓားမြှောင်က အဲ့ထဲမှာထည့်မြှုပ်ထားတာ တွေ့ရတယ်" ဟု ဆရာထွေးက ၎င်းတို့မြင်တွေ့ခဲ့ရသည့် စိတ်မချမ်းမြေ့ဖွယ် အခြေအနေကို ပြောပြသည်။
ထို့ပြင် မြင်းကိုးသစ်ရွာအနီးတွင်လည်း အသက် (၆၇) နှစ်အရွယ် မြင်းကိုးသစ်ရွာသားတစ်ဦးနှင့် အသက် (၅၆) နှစ်အရွယ် ကိုင်းတောမရွာသားတစ်ဦးတို့၏ ရုပ်အလောင်းများကို ထပ်မံတွေ့ရှိခဲ့ရသည်။
အသက် (၅၆) နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ်တေ့ပစ်ခံထားရသဖြင့် ဦးခေါင်းပွင့်ထွက်သေဆုံးနေပြီး၊ အသက် (၆၇) နှစ်အရွယ် အမျိုးသားတွင်မူ ဦးခေါင်းပွင့်ထွက်ဒဏ်ရာမျိုးမဟုတ်ဘဲ ရိုက်နှက် သို့မဟုတ် ထိုးနှက်သတ်ဖြတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရသည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါစစ်ကြောင်း ဖြတ်သန်းသွားသည့် လမ်းကြောင်းတစ်လျှောက်၌ ဖမ်းဆီးခံရပြီးနောက် လက်ရှိအချိန်ထိ မိသားစုနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ဆုံးနေသူများလည်း ရှိနေဆဲဖြစ်သည်။
အင်အားရာနှင့်ချီပါဝင်သည့် ၎င်းစစ်ကောင်စီစစ်ကြောင်းသည် မကွေးတိုင်းအတွင်းရှိ မြိုင်၊ ပေါက်နှင့် ပခုက္ကူမြို့နယ်အစပ်ကျေးရွာများကို လှည့်လည်စီးနင်းကာ ဖမ်းဆီးသတ်ဖြတ်မှုများအပြင် နေအိမ်များကိုပါ မီးရှို့ဖျက်ဆီးခဲ့သည်။
၎င်းတို့ နှစ်ပတ်နီးပါး အထိုင်ချ တပ်စွဲခဲ့သည့် မြိုင်မြို့နယ် လက်ခုတ်ပင်ရွာ၊ ကိုင်းတောမရွာ၊ ညောင်ကုန်းရွာ၊ ထန်းငယ်တောရွာနှင့် ပေါက်မြို့နယ် ထောက်ရှာပင်ရွာ များတွင် အိမ်ခြေအများအပြား ပြာကျပျက်စီးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပေါက်မြို့နယ် လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာမှုထောက်ထားရေးဌာန၏ ဓာတ်ပုံများနှင့်တကွ ထုတ်ပြန်ချက်အရ ပေါက်မြို့နယ် ထောက်ရှာပင်ကျေးရွာတစ်ခုတည်းတွင်ပင် နေအိမ် (၄၇) လုံးနှင့် ထရန်စဖော်မာတစ်လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။
ထောက်ရှာပင်ရွာသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ကလည်း စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် နေအိမ် (၂၀) နီးပါး ဆုံးရှုံးခဲ့ရဖူးပြီး သုံးနှစ်ကျော်အကြာ ယခု ၂၀၂၆ ခုနှစ်တွင် ဒုတိယအကြိမ် တကျော့ပြန် မီးရှို့ဖျက်ဆီးခြင်းကို ထပ်မံကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
( ပုံ/စာ - မကွေးတိုင်း ပေါက်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကြောင့် ဇူလိုင် ပထမက စစ်ဘေးရှောင်နေရသည့် ပြည်သူများ (ဓာတ်ပုံ - ပေါက် လူသားစာနာ) )



Comments