top of page
Logo-Icon.png

မြိုင်နှင့် ပေါက်မြို့နယ်အစပ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ကျေးရွာအချို့ မီးရှို့ခံရပြီး ဒေသခံများ အရေးပေါ် တိမ်းရှောင်နေရ

မြိုင်/ပေါက် ၊ ဇူလိုင် ၁၄ ၊ Horizons



မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အစပ်တွင် စစ်ကောင်စီ စစ်ကြောင်းများ လှုပ်ရှားနေမှုကြောင့် ကျေးရွာအချို့မှ နေအိမ်များ မီးရှို့ဖျက်ဆီးခံရပြီး ဒေသခံပြည်သူ အများအပြား ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းများအရ သိရသည်။


ပေါက်မြို့နယ်၊ ထောက်ရှာပင်ရွာမှ ထွက်ခွာလာသည့် စစ်ကောင်စီစစ်ကြောင်း၏ ရှေ့ပြေးတပ်ဖွဲ့ဝင်များသည် ကိုင်းတောမရွာ ဝန်းကျင်သို့ ရောက်ရှိနေသည်။ 


ထို့ပြင် (၂၄) တပ်မ (စက်မှု) ဘက်မှ ထွက်ခွာလာသည့် အင်အားစုများမှာလည်း ကုန်းရွာသို့ ရောက်ရှိနေနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားကြသည်။ သို့သော် ထောက်ရှာပင်မှ ထွက်ခွာလာသည့် ရှေ့ပြေးတပ်ဖွဲ့များ ကုန်းရွာသို့ ရောက်ရှိသွားခြင်း ရှိ၊ မရှိကိုမူ အတည်မပြုနိုင်သေးပေ။


စစ်ကြောင်းထွက်ခွာသွားသည့် ထောက်ရှာပင်ရွာတွင် ၎င်းတို့၏ နောက်ချန်အင်အားများ မရှိတော့သော်လည်း စစ်ကြောင်းရှိနေစဉ်အတွင်း ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။ 


ယမန်နေ့ (ဇူလိုင် ၁၃ ရက်) ညပိုင်းကလည်း ကန်နက်ရွာနှင့် လက်ခုပ်ပင်ရွာတို့ရှိ နေအိမ်အချို့ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေပျက်စီးဆုံးရှုံးမှု အရေအတွက် အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။


လက်ရှိတွင် စစ်ကြောင်းလှုပ်ရှားမှုများကြောင့် မြိုင်မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။ ဒေသတွင်း သတင်းရင်းမြစ်များက စစ်ကြောင်းရှိနေသည့် ပတ်ဝန်းကျင်နှင့် လမ်းကြောင်းတစ်လျှောက်ရှိ ပြည်သူများအနေဖြင့် မြေပြင်စစ်ကြောင်းအန္တရာယ်အပြင် လေကြောင်းရန်အန္တရာယ်ကိုပါ အထူးသတိပြု စောင့်ကြည့်ကြရန် နှိုးဆော်ထားသည်။


( Photo - အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း - မြိုင် )


Comments


bottom of page