top of page
Logo-Icon.png

မြိုင်မြို့နယ် အနောက်တောင်ပိုင်းသို့ စစ်ကောင်စီစစ်ကြောင်းများ ဝင်ရောက်လာပြီး လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ကျေးရွာ (၈) ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

မြိုင် ၊ ဇူလိုင် ၁၃ ၊ Horizons



မကွေးတိုင်း၊ မြိုင်မြို့နယ် အနောက်တောင်ပိုင်းသို့ စစ်ကောင်စီစစ်ကြောင်းများ ရွေ့လျားဝင်ရောက်လာပြီး လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ အရေးပေါ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အညာမြေတပ်ပေါင်းစုထံမှ သိရသည်။


ယနေ့ (ဇူလိုင်လ ၁၃ ရက်) ညနေ ၅ နာရီခန့်တွင် ပေါက်မြို့နယ်၊ ထောက်ရှာပင်းရွာဘက်မှ ရွေ့လျားလာသော အင်အားအမြောက်အမြား ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်းသည် မြိုင်မြို့နယ်အတွင်းရှိ လက်ခုပ်ပင်ရွာနှင့် မြင်းကိုးသစ်ရွာများသို့ ရောက်ရှိလာခဲ့သည်။


အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ကျေးရွာများအတွင်းသို့ ရောက်ရှိလာပြီးနောက် ပတ်ဝန်းကျင်ကျေးရွာများဘက်သို့ (၁၂၀) မမ နှင့် (၆၀) မမ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုများကြောင့် အနည်းဆုံး ကျေးရွာ (၈) ရွာထက်မနည်းမှ ဒေသခံပြည်သူများမှာ နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ အရေးပေါ် တိမ်းရှောင်နေကြရသည်။


အလားတူ မြိုင်စက်မှု (၂) မှ ထွက်ခွာလာသည့် အခြားစစ်ကောင်စီစစ်ကြောင်း တစ်ကြောင်းသည်လည်း ယမန်နေ့ (ဇူလိုင်လ ၁၂ ရက်) ကတည်းက ကုန်းရွာကျေးရွာသို့ ရောက်ရှိတပ်စွဲထားကြောင်း သိရသည်။


ထို့ကြောင့် ဒေသခံ မိဘပြည်သူများအနေဖြင့် အဆိုပါ စစ်ကောင်စီစစ်ကြောင်း နှစ်ကြောင်း၏ မြေပြင်အန္တရာယ်အပြင် လေကြောင်းရန် အန္တရာယ်များကိုပါ အထူးဂရုပြု စောင့်ကြည့်နေထိုင်ကြရန် အညာမြေတပ်ပေါင်းစုက အသိပေး နှိုးဆော်ထားသည်။

Comments


bottom of page