top of page
Logo-Icon.png

မြစ်ကြီးနားတွင် စက်သုံးဆီ တစ်လီတာ ၆,၀၀၀ ကျပ်ဖြင့် ခွဲတမ်းချ ရောင်းချနေသော်လည်း အချိန်အကန့်အသတ်ကြောင့် ပြည်သူများ အခက်တွေ့နေဆဲ

မြစ်ကြီးနား ၊ ဇူလိုင် ၁၄ ၊ Horizons



ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် သက်ဆိုင်ရာက လိုက်လံစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြို့တွင်းရှိ စက်သုံးဆီဆိုင်အချို့၌ စက်သုံးဆီများကို သတ်မှတ်ဈေးနှုန်း တစ်လီတာလျှင် ၆,၀၀၀ ကျပ်ဖြင့် အချိန်နှင့် ပမာဏ ကန့်သတ်ကာ ခွဲတမ်းစနစ်ဖြင့် ပြန်လည်ရောင်းချပေးနေကြောင်း သိရသည်။


မြစ်ကြီးနားမြို့တွင် ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ စက်သုံးဆီ တစ်လီတာလျှင် ငွေကျပ် ၁၂,၀၀၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ရာမှ ယခုအခါ ကားတစ်စီးလျှင် ကျပ်တစ်သိန်းဖိုး၊ ဆိုင်ကယ်တစ်စီးလျှင် ကျပ်တစ်သောင်းခွဲဖိုး စသည်ဖြင့် ခွဲတမ်းချ ရောင်းချပေးနေခြင်းဖြစ်သည်။ 


သို့သော် ယင်းသို့ တစ်လီတာ ၆,၀၀၀ ကျပ်ဖြင့် ရောင်းချပေးရာတွင် ဆီဆိုင်များက တစ်နေ့လျှင် တစ်နာရီခွဲခန့်သာ အချိန်အကန့်အသတ်ဖြင့် ရောင်းချပေးနေသောကြောင့် ဒေသခံများမှာ ဆီရရှိရန် များစွာ အခက်အခဲဖြစ်နေကြရသည်။


ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်သော်လည်း လက်တွေ့တွင် အဆင်မပြေမှုများနှင့် ပတ်သက်၍ မြို့ခံများနှင့် ဆီဆိုင်ဝန်ထမ်းအချို့က "ဆီဆိုင်တွေကို လိုက်စစ်တယ်ဆိုတာ ဘာမှမဟုတ်ဘူး၊ ဝန်ကြီးတွေ အလုပ်မရှိ အားနေလို့ လိုက်ကြည့်တာ၊ ဆီဈေးကလည်း ပုံမှန် တစ်လီတာ တစ်သောင်းကျော်ပဲ။ သူတို့သတ်မှတ်ထားတဲ့ ဈေးထက် ပိုရောင်းရင် တစ်ခါတည်း အရေးယူလို့ရတာကို လူကြီးတွေပဲ အကြံထုတ်တာလား၊ ဆီဆိုင်ကလူတွေပဲ ဂျင်းထည့်လိုက်တာလား မသိတော့ဘူး။ လူကြီးတွေလည်း ဘာမှအားကိုးလို့မရဘူး။ စစ်တာလည်း ဘာမှအကျိုးမရှိဘူး။ အလုပ်အသွားအပြန်နဲ့တင် တစ်လစာ ကုန်တာမနည်းဘူး၊ လုံးဝ အဆင်မပြေဘူး" ဟု လက်ရှိအခြေအနေကို ဝေဖန်ပြောဆိုကြသည်။


စစ်ကောင်စီဘက်က စက်သုံးဆီများကို သိုလှောင်ခြင်းနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကတည်းက စာထုတ်ပြန်ထားသော်လည်း လက်ရှိ မြစ်ကြီးနားတွင် ဖြစ်ပေါ်နေသည့် ဆီဈေးနှုန်းကြီးမြင့်မှုနှင့် ပြတ်လပ်မှု ပြဿနာကိုမူ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။


ပြီးခဲ့သည့် ဇူလိုင်လ ၉ ရက်နေ့ကလည်း ပြည်နယ် စွမ်းအင်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး အပါအဝင် ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်း ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက မြစ်ကြီးနားမြို့ရှိ စက်သုံးဆီဆိုင် (၁၅) ဆိုင်ခန့်ကို သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချခြင်း ရှိ၊ မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း ကချင်ပြည်နယ်အစိုးရရုံး လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့သည်။ 


သို့သော် ပြည်နယ်စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ (PTSC) အနေဖြင့် တရားဝင် သတ်မှတ်ဈေးနှုန်းမှာ မည်မျှဖြစ်သည်ကို အတိအကျ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးကြောင်း သိရှိရသည်။


(ပုံ - ၂၀၂၆ မေလ ပထမပတ်က မြစ်ကြီးနားမြို့အတွင်းရှိ စက်သုံးဆီဆိုင်တွင် ဆီတန်းစီနေသည်ကို တွေ့ရစဉ်)


Comments


bottom of page