မူဆယ်တွင် ပျောက်ဆုံးနေသည့် (၂) နှစ်အရွယ် ကလေးငယ် ရေကန်တစ်ခုအတွင်း ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိ
- Horizons News

- 20 hours ago
- 1 min read
မူဆယ် ၊ ဇူလိုင် ၁၆ ၊ Horizons

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ပျောက်ဆုံးနေသည့် အသက် (၂) နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (ဇူလိုင်လ ၁၆ ရက်) တွင် ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သေဆုံးသူ ကလေးငယ်မှာ မူဆယ်မြို့၊ စက်မှုရပ်ကွက်တွင် နေထိုင်သည့် မောင်စန်းဖြိုးမောင် (၂ နှစ်) ဖြစ်ပြီး ၎င်းသည် ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေ ၄ နာရီခန့်ကတည်းက နေအိမ်မှ ပျောက်ဆုံးနေခဲ့ခြင်းဖြစ်သည်။ ယင်းနောက် မိသားစုနှင့် ပတ်ဝန်းကျင်က လိုက်လံရှာဖွေမှုများ ပြုလုပ်ခဲ့ရာ ယနေ့တွင် မန့်မိုင်ကုန်း ရခိုင်ဂိတ်အောက်နားရှိ ရေကန်တစ်ခုအတွင်း ရေနစ်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
ဒေသခံတစ်ဦး၏ ပြောပြချက်အရ အဆိုပါကလေးငယ်သည် ဖခင်ဖြစ်သူ ငါးမျှားသွားသည့်အခါများတွင် လိုက်ပါသွားလေ့ရှိသဖြင့် ယခုတစ်ခေါက်တွင်လည်း ရေကန်အနီးသို့ သွားရောက်ဆော့ကစားရာမှ ကန်ထဲသို့ ပြုတ်ကျကာ ရေနစ်သွားခဲ့ခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း မူဆယ်မြို့ ရွှေလီမြစ်အတွင်း ရေဆော့ကစားသည့် အသက် (၁၀) နှစ်အရွယ် ကလေးငယ် (၂) ဦး ရေနစ်သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ဖူးသည်။ ယခုကဲ့သို့ စိတ်မကောင်းဖွယ် ဖြစ်ရပ်မျိုးများ ထပ်မံမဖြစ်ပွားစေရန်အတွက် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို အနီးကပ် ဂရုစိုက်ကြည့်ရှု စောင့်ရှောက်ကြရန် ဒေသခံများက တိုက်တွန်းပြောဆိုထားကြသည်။



Comments