မောတောင်မြို့တွင် တိုက်ပွဲပြန်လည်ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲ့ အသင့်ရှိနေ၊ စစ်ကောင်စီတပ်သား ၅၀၀ ကျော် ချေမှုန်းနိုင်ခဲ့ပြီး လုံခြုံရေးသတိပေးချက်များ ထုတ်ပြန်
- Horizons News

- Jul 11
- 1 min read
တနင်္သာရီ ၊ ဇူလိုင် ၁၁ ၊ Horizons

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ မောတောင်မြို့တွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင်ရန် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် အသင့်အနေအထားရှိနေပြီဖြစ်ပြီး ပြည်သူများ လိုက်နာရမည့် လုံခြုံရေးသတိပေးချက်များကို BLACK COBRA COLUMN က အသိပေး ထုတ်ပြန်လိုက်သည်။
တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသော မောတောင်မြို့ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ စစ်ကောင်စီက တနင်္သာရီ-မောတောင်လမ်းကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေး ထိုးစစ်ဆင်လာခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့များက လူအင်အား၊ လက်နက်ခဲယမ်းနှင့် နည်းပညာအင်အား မမျှတသည့် အခြေအနေများကြားမှ ၁ နှစ်နှင့် ၄ လကြာ ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့များက မောတောင်မြို့ကို သိမ်းပိုက်ကာ ၆ လခန့် ထိန်းချုပ်ထားနိုင်ခဲ့သော်လည်း ၂၀၂၆ ခုနှစ် ဧပြီလမှစတင်၍ စစ်ကောင်စီက ဗျူဟာ ၂ ခုနှင့် တပ်ရင်း ၁၁ ရင်းပါဝင်သော အင်အားအလုံးအရင်းဖြင့် မြေပြင်ထိုးစစ်ဆင်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့် ဒရုန်းများ အသုံးပြုတိုက်ခိုက်ခြင်းများ အပြင်းအထန် ပြုလုပ်လာခဲ့သည်။
ထိုသို့ ကာလရှည်ကြာ တိုက်ပွဲများကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ စစ်ပမ်းလာခြင်းနှင့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်မှုများ တိုးလာသဖြင့် မောတောင်မြို့နှင့် ထုံခါး-မောတောင် လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၆ ခုနှစ် မေလ ၆ ရက်တွင် နည်းဗျူဟာအရ ဆုတ်ခွာပေးခဲ့ရကြောင်း သိရှိရသည်။
BLACK COBRA COLUMN ၏ အဆိုအရ မောတောင်မြို့ ခုခံကာကွယ်ရေးကာလ ၁ နှစ်နှင့် ၄ လအတွင်း စစ်ကောင်စီတပ်သား ၅၀၀ ကျော် သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်သား ၄၆ ဦးမှာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက် ၃၇ လက်ဖြင့် ဘက်ပြောင်းခိုလှုံလာခဲ့ကြောင်း သိရသည်။
တော်လှန်ရေးဘက်မှလည်း ရဲဘော် ၅၁ ဦး ကျဆုံးခဲ့ကာ ၁၃ ဦးမှာ ကိုယ်အင်္ဂါအစိတ်အပိုင်းများ ဆုံးရှုံးခဲ့ရပြီး အခြားဒဏ်ရာရရှိသူများလည်း အများအပြားရှိခဲ့သည်။ ထို့အပြင် မောတောင်မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅၃ ဦး ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်ကို သီးခြားထုတ်ပြန်သွားမည်ဟု ဆိုသည်။
လက်ရှိတွင် တော်လှန်ရေးရဲဘော်များသည် အနားယူခြင်း၊ ပြန်လည်မွမ်းမံပြင်ဆင်ခြင်းများ ပြုလုပ်ပြီးဖြစ်သဖြင့် တိုက်ပွဲဝင်ရန် အသင့်အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း BLACK COBRA COLUMN က အသိပေးထားသည်။
ထို့ပြင် ဒေသခံပြည်သူများအနေဖြင့် မောတောင်မြို့အဝင် (နကသဂိတ်) မှ အမှတ် (၉) ကျေးရွာအထိ ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ရန်နှင့် သွားလာရန်လိုအပ်ပါက အိမ်စီးကားများနှင့် ဆိုင်ကယ်များကိုသာ အသုံးပြုရန် နှိုးဆော်ထားသည်။
ထုံခါးလမ်းဆုံမှ အမှတ် (၉) ကျေးရွာအထိ လမ်းပိုင်းကို အထူးတားမြစ်ဇုန်အဖြစ် သတ်မှတ်ထားပြီး ယင်းဧရိယာအတွင်း ဖြတ်သန်းသွားလာပါက စစ်ရေးပစ်မှတ်အဖြစ် မှားယွင်းထိခိုက်နိုင်သဖြင့် သတိပေးချက်များကို အတိအကျလိုက်နာကြရန် တိုက်တွန်းထားသည်။
စစ်ကောင်စီတပ်ဖွဲ့များနှင့် သတင်းပေး၊ သတင်းယူ၊ အကူအညီပေးသူများကို စိစစ်ဖော်ထုတ်ကာ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ စစ်ကောင်စီနှင့် သက်ဆိုင်သော လူ၊ လက်နက်၊ ခဲယမ်းနှင့် အခြားပစ္စည်းများ တင်ဆောင်လာသည့် ယာဉ်များကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်မည်ဖြစ်သဖြင့် လုံခြုံရေးသတိပေးချက်များကို အလေးထားလိုက်နာကြရန်နှင့် မလိုက်နာပါက ပြင်းထန်သော အရေးယူမှုများ ကြုံတွေ့ရနိုင်ကြောင်း အထူးသတိပေး ထုတ်ပြန်ထားသည်။



Comments