top of page
Logo-Icon.png

မြိတ်-ထားဝယ်ခရိုင်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတစ်ပါး ထိခိုက်ဒဏ်ရာရ

ထားဝယ် ၊ ဇူလိုင် ၉ ၊ Horizons



ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်သော မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများ ဆက်တိုက် ပြုလုပ်ခဲ့သဖြင့် ကျောင်းထိုင်သံဃာတော်တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။


ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကစယ်ဒိုမြို့နယ်၊ ဝင်းဝကျေးရွာ၌ အခြေစိုက် တပ်စွဲထားသော စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ရာ ကမြိုင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းထိုင်ရဟန်းတစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ 



ထို့အပြင် ဇူလိုင်လ ၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း လယ်မူလားမြို့နယ်၊ ထီးမိုပွာလာခေါ ကျေးရွာအုပ်စုရှိ ကင်းနီကျွန်းကျေးရွာသို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ် အသုံးပြု၍ ပေါင် ၂၅၀ ချိန် ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရသည့် ကင်းနီကျွန်းကျေးရွာသည် စစ်ရေးပစ်မှတ် မဟုတ်ဘဲ အရပ်သားပြည်သူများသာ နေထိုင်ရာ ကျေးရွာတစ်ခုဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း စစ်ရေးနှင့် သက်ဆိုင်ခြင်းမရှိသော အရပ်သားပြည်သူများ နေထိုင်ရာ ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်ခြင်းများကို ဆက်တိုက် လုပ်ဆောင်နေသဖြင့် ဒေသခံပြည်သူများမှာ အသက်အိုးအိမ် လုံခြုံရေးအတွက် အထူးစိုးရိမ်ပူပန်လျက်ရှိကာ ၎င်းတို့၏ နေ့စဉ်လူနေမှုဘဝများအပေါ် ဆိုးရွားစွာ ထိခိုက်လျက်ရှိကြောင်း သိရှိရသည်။


Photo - Karen National Union

Comments


bottom of page