မွန်ပြည်နယ်တွင် စက်သုံးဆီ တကျော့ပြန် ပြတ်လပ်၊ ဆိုင်အများစု အရောင်းပိတ်ထားရသဖြင့် ဒေသခံများ အကျပ်ရိုက်နေ
- Horizons News

- 1 day ago
- 1 min read
မော်လမြိုင် ၊ ဇူလိုင် ၁၈ ၊ Horizons

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အများစုတွင် ယခု ဇူလိုင်လ တတိယပတ်မှစတင်ကာ စက်သုံးဆီများ တကျော့ပြန်ပြတ်လပ်မှုနှင့် ပြန်လည်ကြုံတွေ့နေရပြီး ဆီဆိုင်အများစု အရောင်းပိတ်ထားရသဖြင့် ဒေသခံပြည်သူများမှာ လူမှုစီးပွားရေး အကျပ်အတည်းများ ဖြစ်ပေါ်နေကြောင်း သိရသည်။
ပြည်နယ်မြို့တော် မော်လမြိုင်အပါအဝင် ပေါင်၊ သထုံနှင့် မုဒုံစသည့် မြို့နယ်များရှိ စက်သုံးဆီဆိုင်အများစုတွင် အောက်တိန်း (၉၂)၊ (၉၅) ဓာတ်ဆီများနှင့် ပရီမီယံဒီဇယ်ဆီများပါ ပြတ်လပ်နေခြင်းဖြစ်သည်။
လက်ရှိတွင် စက်သုံးဆီဈေးနှုန်း အနည်းငယ် ပြန်လည်ကျဆင်းလာသော်လည်း ဆီဆိုင်များ၌ ရောင်းချပေးရန် ဆီမရှိသဖြင့် ယခင်က ကျင့်သုံးခဲ့သည့် ယာဉ်နံပါတ် စုံ/မ စနစ်ဖြင့်ပင် ရောင်းချပေးနိုင်ခြင်းမရှိဘဲ ဆိုင်များ ပိတ်ထားရသည့် အခြေအနေဖြစ်နေသည်။
သထုံမြို့ဒေသခံတစ်ဦးက "လောလောဆယ် သထုံမှာတော့ ဆိုင်တိုင်းနီးပါး တော်တော်များများ ပိတ်သွားပြီ။ ဘယ်လိုမှ ဝယ်လို့မရဘူး၊ ဆီမရှိဘူးပဲ ပြောကြတယ်။ အဝယ် တော်တော်ခက်ခဲသွားပြီး အကျပ်အတည်း အကြီးအကျယ် ဖြစ်နေရတယ်" ဟု လက်ရှိကြုံတွေ့နေရသည့် အခက်အခဲကို ပြောဆိုသည်။
အလားတူ စက်သုံးဆီဖြန့်ဖြူးရာ ဆိပ်ကမ်းတည်ရှိသည့် မုဒုံမြို့တွင်လည်း ဆီပြတ်လပ်မှုနှင့် ကြုံတွေ့နေရသည်။ မုဒုံဒေသခံတစ်ဦးကလည်း "ကျွန်တော်တို့ မုဒုံမှာပဲ ဆီဆိပ်ကမ်းကြီး ရှိနေတာပါ။ ဒါပေမဲ့ ဆီက မကြာခဏ ပြတ်နေတယ်။ မနေ့ကစပြီး ဆီထည့်လို့ လုံးဝမရတော့ဘူး။ လက်ရှိတော့ တန်းစီတာမျိုး မရှိသေးပေမဲ့ ဆိုင်တွေကတော့ ဆီမရှိဘဲ ဒီအတိုင်းပဲ ဖွင့်ထားကြတယ်" ဟု ရှင်းပြသည်။
မုဒုံမြို့နယ်၊ ကတုံးပေါ်ကျေးရွာရှိ Puma International Port Terminal ဆိပ်ကမ်းမှတစ်ဆင့် တင်ဒါအောင်မြင်ထားသော Myanmar Energy King ကုမ္ပဏီနှင့် Ya Zar Min Industry ကုမ္ပဏီတို့က ဒေသတွင်း ဆီဖြန့်ဖြူးပေးနေခြင်းဖြစ်သည်။
ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးတွင် ဒေသတွင်း စက်သုံးဆီဈေးနှုန်း ကျဆင်းစေရန်နှင့် အလွယ်တကူ ဝယ်ယူနိုင်ရန် ရန်ကုန်သီလဝါဆိပ်ကမ်းမှ ပြန်လည်ဝယ်ယူခွင့်ပြုရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မေးမြန်းခဲ့သော်လည်း သက်ဆိုင်ရာဝန်ကြီးက လတ်တလောတွင် ထိုအစီအစဉ်မရှိကြောင်း ငြင်းပယ်ခဲ့သည်။
မွန်ပြည်နယ်တွင် ပြီးခဲ့သည့် မတ်လ ပထမပတ်မှစတင်ကာ စက်သုံးဆီများကို အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရရှိခဲ့ပြီး အခြားတိုင်းနှင့် ပြည်နယ်များထက် ဈေးနှုန်းပိုမိုကြီးမြင့်မှုကို ခံစားခဲ့ရသည်။
စစ်ကောင်စီက ဆီခြိုးခြံချွေတာရန်အကြောင်းပြကာ မတ်လ ၇ ရက်နေ့မှစ၍ ယာဉ်များကို စုံ/မ စနစ်ဖြင့် မောင်းနှင်စေခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့တွင်မူ QR Code စနစ်ဖြင့် တစ်ပတ်စာ သတ်မှတ်လီတာအလိုက်သာ ဝယ်ယူခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့် လပိုင်းများအတွင်းကလည်း ဆီပြတ်လပ်မှုကြောင့် အချိန်ပိုင်းသာ ရောင်းချခြင်း၊ ညအိပ်တန်းစီရခြင်းများကို ဒေသခံများ ကြုံတွေ့ခဲ့ရပြီးနောက် ယခုအခါ ဆီဆိုင်များပါ ပိတ်လိုက်ရသည့်အထိ စက်သုံးဆီ ပြတ်လပ်မှုဒဏ်ကို တကျော့ပြန် ခံစားနေရခြင်း ဖြစ်သည်။



Comments