top of page
Logo-Icon.png

မြန်မာနိုင်ငံတွင် ခြောက်လအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၃၀၀ ကျော် သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း၌ ထိခိုက်မှု အများဆုံးဖြစ်

ရန်ကုန် ၊ ဇူလိုင် ၁၅ ၊ Horizons



၂၀၂၆ ခုနှစ်၏ ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုများအပါအဝင် အကြမ်းဖက်လုပ်ရပ်များကြောင့် အမျိုးသမီးပေါင်း ၃၃၂ ဦး သေဆုံးခဲ့ပြီး ၃၀၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က သတင်းထုတ်ပြန်လိုက်သည်။


မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး မယဉ်မျိုး၏ ပြောကြားချက်အရ သေဆုံးရသူ အမျိုးသမီးများအနက် လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူမှာ (၂၄၂) ဦးဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ အခြားသော သေဆုံးမှုများတွင် မတရားသတ်ဖြတ်ခံရသူ (၄၂) ဦး၊ လက်နက်ကြီးကြောင့် (၂၉) ဦး၊ မီးရှို့သတ်ဖြတ်ခံရသူ (၉) ဦးနှင့် သေနတ်ကျည်ထိမှန်သူ (၇) ဦး ပါဝင်သည်။ 


ထို့အတူ ဒဏ်ရာရရှိသူ (၃၀၆) ဦးတွင်လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၁၅) ဦး၊ လက်နက်ကြီးကြောင့် (၅၀) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၂၆) ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုကြောင့် (၁၂) ဦးနှင့် သေနတ်ကျည်ထိမှန်သူ (၃) ဦး ရှိခဲ့ကြောင်း သိရသည်။


အဆိုပါ သေဆုံးသွားသူများထဲတွင် အကာအကွယ်မဲ့သည့် အသက် (၁၈) နှစ်အောက် မိန်းကလေးငယ် (၅၈) ဦး၊ ကိုယ်ဝန်ဆောင်မိခင် (၁၀) ဦးနှင့် မသန်စွမ်းအမျိုးသမီး (၁) ဦးတို့ပင် ပါဝင်နေသည်။ 


ဒေသအလိုက် သေဆုံးမှု အများဆုံးမှာ တိုက်ပွဲပြင်းထန်နေသည့် စစ်ကိုင်းတိုင်းဖြစ်ပြီး (၁၀၂) ဦးအထိ ရှိကာ ပဲခူးတိုင်းတွင် (၄၇) ဦး၊ ရခိုင်ပြည်နယ်တွင် (၄၁) ဦး၊ မကွေးတိုင်းတွင် (၂၉) ဦးနှင့် မန္တလေးတိုင်းတွင် (၂၈) ဦးတို့ဖြစ်ကြောင်း မှတ်တမ်းများအရ တွေ့ရသည်။


"စစ်တပ်ဆီ စီးဆင်းနေတဲ့ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ အထောက်အပံ့တွေကို ဖြတ်တောက်ဖို့၊ လက်နက်နဲ့ လေယာဉ်ဆီ ထောက်ပံ့မှုတွေကို ပိတ်ဆို့ဖို့ လိုပါတယ်။ ဒါ့အပြင် စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို တရားဥပဒေအရ အရေးယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုပါတယ်" ဟု BWU ပြောခွင့်ရသူ မယဉ်မျိုးက နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းတောင်းဆိုထားသည်။


လက်ရှိတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် အမျိုးသမီးများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ စားဝတ်နေရေး ရပ်တည်ရန် အလွန်ခက်ခဲနေကြပြီး စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားရေး အကူအညီများ အရေးပေါ် လိုအပ်လျက်ရှိသည်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇူလိုင်လ (၁၀) ရက်နေ့အထိ စာရင်းများအရ စစ်အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီကြောင့် အမျိုးသမီးပေါင်း (၂,၂၂၂) ဦး သေဆုံးခဲ့ပြီး (၆,၅၀၃) ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရသည်။ 


BWU ၏ ယခုထုတ်ပြန်ချက် စာရင်းများမှာ သတင်းမီဒီယာများမှတစ်ဆင့် အတည်ပြု ကောက်ယူထားခြင်းဖြစ်၍ မြေပြင်တွင် မှတ်တမ်းမတင်နိုင်သေးသည့် ဖြစ်စဉ်များစွာ ရှိနေသေးသည့်အတွက် အမှန်တကယ် ထိခိုက်သေဆုံးသူ အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ကြောင်း အသိပေးထားသည်။



Comments


bottom of page