မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး မရှိမဖြစ်လိုအပ်ကြောင်း NLD ထုတ်ပြန်
- Horizons News

- 17 hours ago
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၂၀ ၊ Horizons

မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအကျပ်အတည်းများကို အဖြေရှာရာတွင် ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် တရားဝင်အာဏာအပ်နှင်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဆောင်ရွက်ရန် မရှိမဖြစ်လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ယနေ့ (ဇူလိုင်လ ၂၀ ရက်) တွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည်။
လက်ရှိ မြန်မာ့နိုင်ငံရေးပြဿနာများ၏ အဓိကဇာစ်မြစ်မှာ စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကာ ပြည်သူ့ဆန္ဒကို ဆန့်ကျင်၍ အာဏာသိမ်းယူခဲ့ခြင်းကြောင့်ဖြစ်ကြောင်း NLD က ထောက်ပြထားသည်။
မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် မိတ်ဆွေနိုင်ငံများ၏ ကြိုးပမ်းမှုများကို ကြိုဆိုပြီး အထူးသဖြင့် အာဆီယံ၏ ဘုံသဘောတူညီချက် (၅) ချက်ကို အဓိကမူဘောင်အဖြစ် အသိအမှတ်ပြုထားသည်။
သို့သော်လည်း အာဆီယံ၏ ထိတွေ့ဆက်ဆံရေးမူဝါဒသည် စစ်ကောင်စီက ကျင်းပရန် စီစဉ်နေသည့် ရွေးကောက်ပွဲနှင့် ယင်းမှထွက်ပေါ်လာမည့် အုပ်ချုပ်ရေးကို အသိအမှတ်ပြုသည့်အဆင့်သို့ မရောက်ရှိစေရန် လွန်စွာအရေးကြီးကြောင်း NLD က အလေးအနက် သတိပေးထားသည်။
လက်ရှိ နိုင်ငံရေးပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် ကောင်းမွန်သောရလဒ်များ ထွက်ပေါ်လာစေရေးအတွက် အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုများအားလုံးကို ချက်ချင်းရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန် NLD က တောင်းဆိုထားသည်။
ယင်းသို့ အကျဉ်းချထားခြင်းသည်ပင် ပဋိပက္ခဖြေရှင်းရေးအတွက် အဓိက အတားအဆီးဖြစ်နေကြောင်း ထောက်ပြထားပြီး ကူညီထောက်ပံ့ရေးပစ္စည်းများကို လိုအပ်နေသည့် နေရာများသို့ အတားအဆီးမရှိ လွတ်လပ်စွာ ရောက်ရှိဖြန့်ဝေခွင့်ပြုရန်လည်း တောင်းဆိုထားသည်။
ထို့ပြင် နိုင်ငံရေးထွက်ပေါက် ဖော်ဆောင်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၊ NLD ပါတီ၊ တိုင်းရင်းသားအင်အားစုများနှင့် စစ်မှန်သော နိုင်ငံရေးအင်အားစုများအားလုံး လွတ်လပ်စွာ ပါဝင်နိုင်မည့် တွေ့ဆုံဆွေးနွေးရေး ပတ်ဝန်းကျင်ကောင်းတစ်ရပ် မဖြစ်မနေ ဖန်တီးပေးရန်လည်း လိုအပ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့သည့် NLD ပါတီ၊ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိက တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ အပြည့်အဝ မပါဝင်သည့် မည်သည့် နိုင်ငံရေးဖြစ်စဉ်မျိုးကိုမဆို ပြည်သူလူထုက ယုံကြည်လက်ခံမည်မဟုတ်ကြောင်း NLD ဗဟိုအလုပ်ကော်မတီက အလေးအနက် ပြောကြားထားသည်။
NLD အနေဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံညှိနှိုင်းသည့် နိုင်ငံရေးနည်းလမ်းဖြင့်သာ ဖြေရှင်းရမည်ဆိုသည့် မူကို အစဉ်တစိုက် ဆက်လက်ကိုင်စွဲထားပြီး၊ ရှေ့ဆက်သွားမည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များသည် ပြည်သူ့ဆန္ဒ၊ ဒီမိုကရေစီအခြေခံမူများနှင့် ဥပဒေစိုးမိုးရေးအပေါ်တွင်သာ အခြေခံရမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုထားသည်။







Comments