မြန်မာပြည်သူများက WHO သတ်မှတ်ချက်ထက် ဆီပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေ အခက်အခဲကြောင့် စားအုန်းဆီတင်သွင်းမှု လျှော့ချနေရဟု စစ်ကောင်စီ ဝန်ခံ
- Horizons News

- Jul 11
- 1 min read
ရန်ကုန် ၊ ဇူလိုင် ၁၁ ၊ Horizons

မြန်မာနိုင်ငံမှ ပြည်သူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အကြံပြုချက်ထက် စားသုံးဆီ ပိုမိုစားသုံးနေခြင်းနှင့် နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်၍ ချင့်ချိန်ဆောင်ရွက်နေရခြင်းတို့ကြောင့် ပြည်ပမှ စားအုန်းဆီတင်သွင်းမှုကို လျှော့ချနေရကြောင်း စစ်ကောင်စီ၏ ပြောခွင့်ရ ဒေါက်တာခိုင်ခိုင်စိုးက ယနေ့တွင် ဝန်ခံပြောကြားလိုက်သည်။
မြန်မာနိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းရန် တစ်လလျှင် စားအုန်းဆီတန်ချိန် ၅ သောင်းကျော်ကို တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁,၁၅၀ ခန့်ဖြင့် ဝယ်ယူနေရသဖြင့် လစဉ် အမေရိကန်ဒေါ်လာ ၅၈ သန်းကျော် ကုန်ကျလျက်ရှိသည်။
ယင်းသို့ တင်သွင်းလာသည့် စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဖြန့်ဖြူးပေးနေပြီး ဝယ်ယူခွင့်စာအုပ်ရှိသူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ လူဦးရေများပြားပြီး ဆီလိုအပ်ချက် မြင့်မားသည့် ရန်ကုန်တိုင်းကို အခြားဒေသများထက် ခွဲတမ်းပိုမိုချထားပေးကာ လူတစ်ဦးလျှင် တစ်လ ၁ ပိဿာ ၂၄ ကျပ်သားနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။
ပြည်တွင်းတွင် မြေပဲ၊ ပဲပုပ်၊ နေကြာနှင့် နှမ်းတို့မှ ထုတ်လုပ်သည့် စားသုံးဆီသည် တစ်နှစ်လျှင် တန်ချိန် ၂၈၀,၀၀၀ ခန့်သာရှိ၍ ပြည်ပမှ စားအုန်းဆီ တန်ချိန် ၆၄၁,၇၈၃ ခန့် တင်သွင်းနေရသည်။
ထို့ကြောင့် ပြည်တွင်းထုတ်လုပ်မှုနှင့် တင်သွင်းမှု စုစုပေါင်းမှာ တစ်နှစ်လျှင် တန်ချိန် ၉၂၁,၀၀၀ ကျော်ရှိပြီး လူဦးရေ ၅၁ သန်းဖြင့် တွက်ချက်ပါက လူတစ်ဦးလျှင် တစ်နှစ်ပျမ်းမျှ ၁၁ ပိဿာခန့် စားသုံးနေကြောင်း တွေ့ရသည်။ သို့သော် WHO ၏ အကြံပြုချက်အရ လူတစ်ဦးလျှင် တစ်နှစ် ၆ ဒသမ ၅ ပိဿာခန့်သာ စားသုံးသင့်ကြောင်း ဒေါက်တာခိုင်ခိုင်စိုးက ပြောဆိုသည်။
"ဆီစားသုံးမှု များလာတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှုလည်း ပိုများလာပါတယ်။ နိုင်ငံခြားငွေရရှိမှုအပေါ် မူတည်ပြီး ချင့်ချိန်ဆောင်ရွက်ရတာကြောင့် ဆီတင်သွင်းမှု လျှော့ချရတဲ့ အခြေအနေတွေလည်း ဖြစ်လာပါတယ်" ဟု ၎င်းက ဆိုသည်။
လက်ရှိတွင် စစ်ကောင်စီက စားအုန်းဆီတစ်ပိဿာလျှင် ကျပ် ၇,၀၀၀ မှ ၉,၀၀၀ ကြားဖြင့် ရောင်းချပေးနေသော်လည်း ဝယ်ယူခွင့်စာအုပ်မရှိသည့် ပြည်သူများလက်ထဲသို့ ရောက်ရှိချိန်တွင် ကျပ် ၁၈,၀၀၀ မှ ၂၀,၀၀၀ ကြားအထိ ဈေးမြင့်တက်နေခြင်းမှာ ဝိသမလောဘသားများကြောင့်ဖြစ်ကြောင်းလည်း အပြစ်တင်ပြောဆိုခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်အဖြစ် သွင်းကုန်လျှော့ချရေးမူဝါဒကြောင့် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီးများတွင် အခြေခံလူတန်းစားများ အဓိက သုံးစွဲနေသည့် စားအုန်းဆီများ ရှားပါးလာခြင်းဖြစ်သည်။
စစ်တပ်က နိုင်ငံခြားငွေအရန် လျော့နည်းလာမှုကြောင့် မြန်မာနိုင်ငံအတွင်း တင်သွင်းနေသော စားအုန်းဆီပမာဏကို အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျှော့ချထားသည့်အပြင် သွင်းကုန်လိုင်စင်နှင့် ဒေါ်လာခွဲဝေချထားမှုကိုလည်း ထိန်းချုပ်ထားသည်။
ယခင်က နှစ်စဉ် တန်ချိန် ၈ သိန်းမှ ၁ သန်းဝန်းကျင်အထိ တင်သွင်းခဲ့သော်လည်း ယခုနှစ်တွင် တန်ချိန် ၆ သိန်းကျော်သာ တင်သွင်းတော့မည်ဖြစ်သည်။
ထို့ပြင် ယခင်က လူတစ်ဦးလျှင် စားအုန်းဆီ ၂ ဒသမ ၂၅ ကျပ်သားနှုန်း ခွဲတမ်းပေးခဲ့ရာမှ ယခုအခါ ၁ ဒသမ ၆၅ ကျပ်သားသို့ လျှော့ချထားပြီး ရန်ကုန်တိုင်းရှိ မြို့နယ်များတွင်လည်း ဆီခွဲတမ်း ၅၀ ရာခိုင်နှုန်းအထိ လျှော့ချခံထားရသည်။
စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချရန်နှင့် ပြည်တွင်းဆီထွက်သီးနှံ အစားထိုးသုံးစွဲရန် ကြိုးပမ်းနေသော်လည်း နောက်ဆက်တွဲအနေဖြင့် အခြေခံလူတန်းစားများအတွက် စားအုန်းဆီဝယ်ယူရန် ပိုမိုခက်ခဲလာပြီး ဈေးနှုန်းများလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များနှင့် ဆီကုန်သည်များက သုံးသပ်ပြောဆိုကြသည်။



Comments