top of page
Logo-Icon.png

မြန်မာလူငယ်များ ပြည်ပသို့ ထွက်ခွာမှုများ တားဆီးနိုင်ရေး စိုက်ပျိုး/မွေးမြူရေးပညာရပ်များ သင်ကြားပေးရန် စစ်ခေါင်းဆောင် အထူးစီမံချက်ချမှတ်

ရန်ကုန် ၊ ဇူလိုင် ၁၈ ၊ Horizons



မြန်မာလူငယ်များ ပြည်ပသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာနေမှုများကို လျှော့ချတားဆီးနိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များ သင်ကြားပေးမည့် အထူးစီမံချက်တစ်ရပ်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ချမှတ်ညွှန်ကြားလိုက်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်များထံမှ သိရသည်။


လူငယ်များ ပြည်ပသို့ ထွက်ခွာနေရခြင်းမှာ ပြည်တွင်း၌ အလုပ်အကိုင်ရှားပါးမှုနှင့် လုပ်ခလစာ မြင့်မားစွာရရှိသည့် အလုပ်များ မရှိခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ အထူးသဖြင့် အခြေခံပညာအဆင့် မပြီးဆုံးသည့် လူငယ်အများစုမှာ ပြည်ပနိုင်ငံများသို့ ရရာအလုပ်ဖြင့် သွားရောက်လုပ်ကိုင်နေကြကြောင်း စစ်ခေါင်းဆောင်က သုံးသပ်ထားသည်။ 


ထို့ကြောင့် လူငယ်များ ပြည်တွင်း၌ အလုပ်အကိုင်ရရှိစေရန် အာမခံချက်အနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာရပ်များကို မဖြစ်မနေ သင်ကြားပေးရန် ၎င်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။


"အခြေခံပညာ အလယ်တန်းနဲ့ အထက်တန်း မပြီးဆုံးသူတွေ၊ (၁၀) တန်းမအောင်တဲ့ လူငယ်တွေကို စိုက်ပျိုးရေးနဲ့ မွေးမြူရေး ပညာသင်ကျောင်းတွေမှာ တက်ခွင့်ပေးပြီး ဒီပညာရပ်တွေကို သင်ကြားပေးဖို့ ညွှန်ကြားချက် ထုတ်ထားတယ်" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။


ယင်းညွှန်ကြားချက်နှင့်ပတ်သက်၍ စစ်ကောင်စီ အလုပ်သမားဒုတိယဝန်ကြီး ဦးမောင်မောင်သန်းကလည်း မြန်မာနိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သော စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ခေတ်မီနည်းစနစ်များ အစားထိုးခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးရန်နှင့် လူငယ်များ စိတ်ပါဝင်စားလာစေရန် ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းများ တိုးချဲ့ဖွင့်လှစ်နေကြောင်း ပြီးခဲ့သည့် ဇူလိုင်လ (၁၃) ရက်နေ့ လွှတ်တော်အစည်းအဝေးတွင် ထုတ်ဖော်ပြောဆိုထားသည်။


ထို့ပြင် ပြီးခဲ့သည့် ဇွန်လ (၂၉) ရက်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အစည်းအဝေးတွင်လည်း အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ၏ ဘဝရပ်တည်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးပညာများကို စည်းရုံးသင်ကြားပေးရန် စစ်ခေါင်းဆောင်က မှာကြားခဲ့သည်။ ယနေ့ခေတ် လူငယ်များမှာ စက်မှုနှင့် နည်းပညာဘာသာရပ်များကို ပိုမိုစိတ်ဝင်စားကြသော်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ မဖြစ်မနေလိုအပ်သည့် ပညာရပ်ဖြစ်သဖြင့် စံနမူနာပြ လုပ်ဆောင်ပြသကြရန် ၎င်းက တိုက်တွန်းခဲ့သည်။


အခြားတစ်ဖက်တွင်လည်း နေပြည်တော်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ တစ်သျှူးငှက်ပျောစိုက်ပျိုးရေးနှင့် နို့စားနွားမွေးမြူရေး စီမံကိန်းများကို အကောင်အထည်ဖော်ရန်နှင့် ယင်းစီမံချက်များတွင် အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများပါ ပါဝင်လုပ်ကိုင်ကြရန် စစ်ခေါင်းဆောင်က အမိန့်ပေး ညွှန်ကြားထားကြောင်း သိရှိရသည်။


Comments


bottom of page