မိုးဗြဲ-ဒီးမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီတပ်က ပြည်သူ့စစ်အင်အားများဖြင့် ထပ်မံဖြည့်တင်း ပြင်ဆင်နေ
- Horizons News

- 4 days ago
- 1 min read
မိုးဗြဲ ၊ ဇူလိုင် ၁၄ ၊ Horizons

ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် အထိနာပြီး အကျအဆုံးများနေသည့် စစ်ကောင်စီတပ်သည် စစ်ရေးအရ အရေးပါသော မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် နယ်မြေခံတပ်ရင်းများနှင့် ပအိုဝ်းပြည်သူ့စစ် (PNO) အင်အားများကို ထုတ်နုတ်ကာ ထပ်မံဖြည့်တင်းမှုများ ပြုလုပ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
စစ်ကောင်စီတပ်သည် အဆိုပါ ကားလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခု ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
သို့သော် လက်ရှိအချိန်အထိ မိုးဗြဲမြို့ထဲမှ စစ်ကြောင်းများ ရှေ့ဆက်မတိုးနိုင်ဘဲ တိုက်ပွဲများတွင် အထိနာလျက်ရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့က မိုးဗြဲမြို့ လွယ်ယင်းမင်္ဂလာတောင်ခြေအနီးသို့ အင်အား (၆၀) ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာရာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့သည်။
ဇူလိုင်လ ၁၀ ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက အဆိုပါနေရာကို ဝင်ရောက်ရှင်းလင်းရာ စစ်ကောင်စီတပ်သားများ၏ ရုပ်အလောင်းအချို့ကို တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် စစ်ကောင်စီဘက်က တပ်ပြန်ဆုတ်သွားသော်လည်း အင်အားပြန်ဖြည့်တင်းကာ မရမက ပြန်လည်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည့် အနေအထားရှိကြောင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပြသည်။
မြေပြင်တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နန်းမယ်ခုံဘက်မှ အရပ်သားများ နေထိုင်ရာ နေရာများသို့ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ကလည်း ယင်းသို့ ပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦး သေဆုံးကာ လူကြီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
နေ့စဉ်နှင့်အမျှ လက်နက်ကြီးနှင့် ဒရုန်းအန္တရာယ်များကြောင့် နန်းမယ်ခုံနှင့် ဒီးမော့ဆိုအနီးတစ်ဝိုက်ရှိ စစ်ရှောင်စခန်းအချို့မှာ ဘေးလွတ်ရာသို့ ထပ်မံရွှေ့ပြောင်း နေထိုင်နေကြရပြီး ကလေးငယ်များ၏ ပညာသင်ကြားရေးအတွက်ပါ များစွာ အခက်အခဲ ဖြစ်ပေါ်နေကြောင်း စစ်ရှောင်ပြည်သူများက ဆိုသည်။
မိုးဗြဲမှတစ်ဆင့် နန်းမယ်ခုံကို ဖြတ်သန်းကာ ဒီးမော့ဆိုအထိ ဆက်သွယ်ထားသော အဆိုပါ လမ်းပိုင်းသည် ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်မြို့အနောက်ဘက်အတွက် အရေးပါသော ကာကွယ်ရေးတံခါးပေါက်တစ်ခု ဖြစ်သည်။
ထို့အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဆက်သွယ်ရေးနှင့် လှုပ်ရှားစစ်ဆင်ရေးနယ်မြေများကို ဖြတ်တောက်နိုင်မည့် ဗျူဟာမြောက် နေရာတစ်ခုလည်း ဖြစ်သောကြောင့် စစ်ကောင်စီတပ်အနေဖြင့် ယခုကဲ့သို့ အင်အားများ အလုံးအရင်း ထုတ်နုတ်ကာ ရှေ့တန်းတင် စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်ရေးအကဲခတ်များက သုံးသပ်ထားကြသည်။
ယခုကဲ့သို့ စစ်ရေးတင်းမာနေမှုများကြောင့် နန်းမယ်ခုံ-လွယ်ယင်းတောင်ခြေ၊ လွယ်ဝိုင်းနှင့် ခေါင်းစံလမ်းပိုင်းများကို ဖြတ်သန်းသွားလာခြင်းများ မပြုလုပ်ကြရန် မိုးဗြဲ PDF က ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ကတည်းက အသိပေး တိုက်တွန်းထားသည်။



Comments