top of page
Logo-Icon.png

မကွေးဖက်ဒရယ်ယူနစ်အတွင်း ယာယီကာကွယ်ရေးစစ်ကြောင်း (၃) ကြောင်း ထပ်မံတိုးမြှင့်ဖွဲ့စည်း

မကွေး ၊ ဇူလိုင် ၁၄ ၊ Horizons



ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက နယ်မြေအတွင်း စစ်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ရန်သူ့စစ်ကြောင်းများ၏ ကျူးကျော်မှုကို ခုခံတွန်းလှန်ရန်အတွက် ယာယီကာကွယ်ရေးစစ်ကြောင်းသစ် (၃) ကြောင်းကို ထပ်မံတိုးမြှင့်ဖွဲ့စည်းလိုက်ကြောင်း ယနေ့ (ဇူလိုင်လ ၁၄ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။



အဆိုပါ ထုတ်ပြန်ချက်အမှတ် (၅/၂၀၂၆) အရ လက်တလော ဖြစ်ပေါ်နေသော စစ်ကောင်စီစစ်ကြောင်းများ၏ ကျူးကျော်တိုက်ခိုက်မှုများကို ပိုမိုထိရောက်စွာ ခုခံတွန်းလှန်နိုင်ရန်၊ စစ်ဆင်ရေးစွမ်းရည် မြှင့်တင်ရန်နှင့် ဒေသတွင်း တည်ငြိမ်ရေးကို အလေးထားဆောင်ရွက်ရန် ရည်ရွယ်၍ ယခုကဲ့သို့ စနစ်တကျ ပြန်လည်စုဖွဲ့မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ 


ပခုက္ကူခရိုင်အတွင်း ထပ်မံတိုးမြှင့် ဖွဲ့စည်းလိုက်သော အဆိုပါ စစ်ကြောင်းများမှာ ပခုက္ကူမြို့နယ် အခြေစိုက် စစ်ကြောင်း (၉)၊ ပေါက်မြို့နယ် အခြေစိုက် စစ်ကြောင်း (၁၁) နှင့် ပခုက္ကူမြို့နယ် အခြေစိုက် စစ်ကြောင်း (၁၃) တို့ဖြစ်ကြသည်။


ယခု ထပ်မံဖွဲ့စည်းလိုက်သော စစ်ကြောင်းသစ် (၃) ကြောင်းသည် ယခင်က ဖွဲ့စည်းပြီးဖြစ်သည့် ယာယီကာကွယ်ရေးစစ်ကြောင်း (၆) ကြောင်းနှင့် လက်တွဲပူးပေါင်းကာ အကြမ်းဖက်စစ်တပ်၏ ရန်စွယ်ကို စုစည်းညီညွတ်စွာဖြင့် ခုခံတွန်းလှန်သွားမည်ဟု ဖော်ပြထားသည်။


ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဒေသတွင်း မှီတင်းနေထိုင်ကြသော ပြည်သူလူထုတစ်ရပ်လုံး၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်နှင့်လဲ၍ ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်ချက်အရ စစ်ရေး၊ နိုင်ငံရေး ဆက်လက်စုဖွဲ့မှုများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုထားသည်။ 


ထို့အပြင် တိုင်းပြည်နှင့် ပြည်သူအတွက် အန္တရာယ်မှန်သမျှကို ရဲရင့်စွာ ရင်ဆိုင်တွန်းလှန်နေကြသော တပ်ဖွဲ့ဝင်များအားလုံးကိုလည်း လေးစားဂုဏ်ပြုကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။


(ဓာတ်ပုံ - Ministry of Defence - Interim Magway Federal Unit Government)

Comments


bottom of page